၁၂ နှစ်အကြာမှ ပြန်လည်ရိုက်ကူးဖြစ်တာပါ။

ထွန်းထွန်းဟာ အိန္ဒြာကျော်ဇင်နဲ့ ၁၂ နှစ်အကြာမှ ပထမဆုံးအကြိမ် ရုပ်ရှင်ကားကြီး ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ အဲဒီနောက် အိန္ဒြာကျော်ဇင်နဲ့ သူ့ရဲ့အမှတ်တရရှိတဲ့ ဇာတ်ကားတွေအကြောင်း ပြောပြလာပါတယ်။

ထွန်းထွန်းဟာ Box No.88 ရုပ်ရှင်ကားကြီးမှာ အိန္ဒြာကျော်ဇင်နဲ့အတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီနောက် အိန္ဒြာကျော်ဇင်နဲ့ သူ့ရဲ့ အမှတ်တရ တွေကိုလည်း မီဒီယာတွေကနေတဆင့် ပြောခဲ့ပါတယ်။



‘’ကျွန်တော်တို့ ကားကြီးတွေ ရိုက်ကြတုန်းက မိုးပေါ်ခုန်တက် ကလိုက်ချင်တယ် ဇာတ်ကားရယ်၊ မြင့်မိုရ်ထက်က သရဖူ ဇာတ်ကားရိုက်ပြီးတဲ့ နောက်ပိုင်းကတည်းက မဆုံတာဆိုတော့ ၁၂ နှစ်လောက်ရှိပြီထင်တယ်။ မအူဝဲနဲ့ ပထမဆုံးရိုက်ဖြစ်တဲ့ ကားကတော့ နွေဦးတေးသံ ဇာတ်ကားပါ’’ လို့ သူကဆိုပါတယ်။

အိန္ဒြာကျော်ဇင်ဟာ ထွန်းထွန်းအတွက်တော့ မြင်ဆရာတွေထဲက တစ်ယောက်အဖြစ် ပါဝင်တယ်လို့ သူကဆိုပါတယ်။ ဒီအတွက်ကြောင့်လည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

‘’ကျွန်တော်အနုပညာလောကထဲ စဝင်လာတုန်းက ကိုယ်နဲ့လက်တွဲပြီးတော့ လုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သင်ကြားမှုပေါ့နော်။ မသင်ရင်တောင်မှ မြင်နေရတာဆိုတော့ မြင်ဆရာအနေနဲ့ လေ့လာရတဲ့ အခါတွေ အများကြီးရှိတဲ့အထဲမှာလည်း ပါခဲ့ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးနဲ့ ပြန်တွဲရတဲ့အချိန်မှာလည်း ဝမ်းသာပါတယ်’’ လို့ Box No.88 ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ထွန်းထွန်းက အိန္ဒြာကျော်ဇင်ရဲ့ သရုပ်ဆောင်မှုတွေကို အားပေးတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း သူမရဲ့ ပရိသတ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

‘’အိုက်တင်နဲ့ ပတ်သက်လာရင် မအူဝဲက ဆရာကြီးလေ။ ပြီးတော့ ရှုတင်မှာဆိုရင်လည်း လူရှိန်အောင်မနေဘူး။ ပျော်ပျော်ပဲ ကျွန်တော်တို့ ကြောက်အောင်လည်း မနေဘူး။ အလုပ်လုပ်ရတာ အရမ်းအဆင်ပြေတယ်။ မအူဝဲရဲ့ ဇာတ်ကားတွေဆိုလည်း အမြဲကြည့်ဖြစ်တယ်။ အခု အတူတွဲရိုက်ရဦးမယ် ဆိုတော့လည်း သင်ယူစရာတွေ ပိုများလာမှာပေါ့’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ထွန်းထွန်းနဲ့ အိန္ဒြာကျော်ဇင်တို့ ပါဝင်ရိုက်ကူးမယ့် Box No.88 ရုပ်ရှင်ကားကြီးကို 7th Sense Film Production က ထုတ်လုပ်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် နေတိုး၊ အိန္ဒြာကျော်ဇင် နဲ့ ထွန်းထွန်း၊ သားညီ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရိုက်ကွင်း တည်နေရာကိုတော့ ရန်ကုန်၊ အောင်ပန်း နဲ့ ဘန်ကောက် (ထိုင်းနိုင်ငံ) စတဲ့ မြို့တွေမှာ ရိုက်ကူးသွားမယ်လို့ ဒါရိုက်တာ ဝင်းလွင်ထက်က ပြောပါတယ်။



က္က