နေရာ ၃ နေရာမှာ ရိုက်ကွင်းပြုလုပ်သွားမှာပါ။

နေတိုး၊ အိန္ဒြာကျော်ဇင်၊ ထွန်းထွန်းနဲ့ သားညီတို့ ပါဝင်သရုပ်ဆောင်ကြမယ့် Box No.88 ဇာတ်ကားကို ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးသွားမှာပါ။ ဒီဇာတ်ကားမှာ သူတို့တွေက ဘယ်လို ကာရိုက်တာတွေနဲ့ သရုပ်ဆောင်သွားမယ်ဆိုတာကိုလည်း ပြောပြထားပါတယ်။

သရုပ်ဆောင်နေတိုး၊ အိန္ဒြာကျော်ဇင်တို့ကို အတူတွဲသရုပ်ဆောင်တာ ပြန်လည်မြင်တွေ့ရမယ့် Box No.88 ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို မတ်လ ၇ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်ကြီးရဲ့ အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် M3 Food Center မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။



ဒီဇာတ်ကားထဲမှာ သတင်းမီဒီယာသမား တစ်ယောက်ရဲ့ ဇာတ်ကောင်နဲ့ ပါဝင်သရုပ်ဆောင်သွားမယ့် အကယ်ဒမီ နေတိုးကလည်း ဇာတ်လမ်းအမျိုးအစားလေးကို ပြောပြလာပါတယ်။

‘’ ဇာတ်လမ်းကတော့ မိသားစုဒရာမာ ဇာတ်လမ်းအမျိုးအစားပေါ့နော်။ ကျွန်တော့်ရဲ့ ဇာတ်ကောင်ကတော့ သတင်းမီဒီယာသမားတစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ရမှာပါ။ ဇာတ်လမ်းကိုတော့ ရိုက်ကူးမှုပုံစံကိုတော့ FamilyDrama ပုံစံဆန်းဆန်းပြားပြားလေး တင်ပြသွားမယ့် ဇာတ်ကားမျိုးပါ’’ လို့ သူကဆိုပါတယ်။

Box No. 88 ရုပ်ရှင်ကားထဲမှာ ဆရာဝန်ကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်သွားမယ့် ထွန်းထွန်းကလည်း သူ့ရဲ့ ကာရိုက်တာအကြောင်းနဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောပြလာပါတယ်။

‘’ဒီဇာတ်ကားထဲမှာ ကျွန်တော်ပါဝင်ရမယ့် ကာရိုက်တာကတော့ ဆရာဝန်တစ်ယောက်ပါ။ ဒီကားက ရသလည်းစုံသလို ဒဿနဆန်ဆန်လေးတွေလည်းပါတယ်။ ကျွန်တော်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်အတွက် စိန်ခေါ်မှုလည်းဖြစ်သလို စိတ်လှုပ်ရှားမှုလည်း အပြည့်ရှိပါတယ်။ ကိုယ်လုပ်နေကြ ဇာတ်ရုပ်တွေ မဟုတ်တော့ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်အချင်းချင်း အပေးအယူမျှအောင် အများကြီး ကြိုးစားပြင်ဆင်နေဖို့တော့လိုတယ်လို့ ကျွန်တော်ထင်တယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Box No.88 ရုပ်ရှင်ကားကို ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပုံဖော်မှာဖြစ်ပြီး 7th Sense Film Production က ထုတ်လုပ်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် နေတိုး၊ အိန္ဒြာကျော်ဇင် နဲ့ ထွန်းထွန်း၊ သားညီ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရိုက်ကွင်း တည်နေရာကိုတော့ ရန်ကုန်၊ အောင်ပန်း နဲ့ ဘန်ကောက် (ထိုင်းနိုင်ငံ) စတဲ့ မြို့တွေမှာ ရိုက်ကူးသွားမယ်လို့ ဒါရိုက်တာ ဝင်းလွင်ထက်က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က