ဒဏ္ဍာရီပင်လယ်ရုပ်ရှင်ဇာတ်ကားမှာ အတူတွဲတွေ့ရမှာပါ။

အလင်းရောင်က ဦးကျော်သူ ရိုက်မယ့် ‘’ဒဏ္ဍာရီ ပင်လယ်’’ ရုပ်ရှင်ဇာတ်ကားဟာ သူကိုယ်တိုင်အရမ်း သရုပ်ဆောင်ချင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်တဲ့။ အဲဒီနောက် အတူတွဲသရုပ်ဆောင်ရမယ့် မင်းသမီး အိချောပိုကလည်း ရေသူမ ကာရိုက်တာနဲ့ လိုက်တယ်လို့ ဆိုပါတယ်။

အလင်းရောင်က ဦးကျော်သူ ရိုက်ကူးတဲ့ ‘’ဒဏ္ဍာရီပင်လယ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို အိချောပိုနဲ့ အတူတွဲရိုက်ကူးရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူဟာ ဟိုတယ်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကောင်းကင် ဆိုတဲ့ လူငယ်နေရာက ပါဝင်သရုပ်ဆောင်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ဒီဇာတ်ကားလေးကို ဇာတ်ပြကတည်းက ကျွန်တော်အရမ်းရိုက်ချင်တဲ့ ဇာတ်ကားတစ်ကားပါ။ ကျွန်တော် ငယ်ငယ်လေးကတည်းက ကြည့်ဖူးခဲ့တဲ့ ရေသူမကားလေးတွေ၊ ရေသူမကားဆိုတာနဲ့ တော်တော်များများကလည်း စိတ်ဝင်စားကြတယ်။ ကျွန်တော်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အရမ်းလည်းရင်ခုန်တယ်။ ပျော်လည်းပျော်ပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ရေသူမလေး ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်မယ့် အိချောပိုရဲ့ ကြိုးစားပြင်ဆင်နေမှုတွေကိုလည်း အလင်းရောင်က ပြောပြခဲ့ပါသေးတယ်။ ဒီကာရိုက်တာက အိချောပိုနဲ့လည်း လိုက်ဖက်တယ်လို့ ဧပြီလ ၂၈ ရက်နေ့ က ‘’ဒဏ္ဍာရီပင်လယ်’’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’လိုက်ဖက်ပါတယ်။ သူလည်း ရေသူမကာရိုက်တာအတွက်ကို တော်တော်ကြိုးစားပြီး ပြင်ဆင်နေတယ်။ ရေအောက်မှာ ကြာကြာငုံ့နိုင်ဖို့ပေါ့။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးခြေထောက်နဲ့တောင် ရေကူးဖို့မလွယ်ဘူးလေ။ ကျွန်တော်ကိုယ်တိုင်လည်း ရေအောက်မှာ ယက်လို့ရတဲ့ ဝတ်စုံနဲ့ ရေကူးဖူးတယ်။ နေသားမကျဘူး၊ ကူးရတာ တော်တော်လေးခက်တယ်။ သူက အမြှီးနဲ့ ကူူးရမှာဆိုတော့ တော်တော်လေး ကြိုးစားနေပါတယ်’’လို့ ဆိုပါတယ်။

Photo: Kyaw Thu

အလင်းရောင် ဟာ ဦးကျော်သူနဲ့ အတူ ဇာတ်ကားရိုက်ကူးခွင့်ရတဲ့အပေါ်မှာလည်း သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။ ဒီဇာတ်ကားကတော့ ဦးကျော်သူနဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံကြမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။

‘’ဦးမောင် နဲ့ရိုက်တဲ့ ဇာတ်ကားတွေက ကျွန်တော့်အတွက် အသစ်အဆန်းတွေချည်းပါပဲ။ ကျွန်တော်မရိုက်ဖူးသေးတဲ့ ကာရိုက်တာမျိုးလေးတွေ၊ ပြီးတော့ ဒဏ္ဍာရီဆန်ဆန်တွေ၊ ရှေးခေတ်ကို ပြန်ရိုက်တဲ့ ဇာတ်ကားတွေများတော့ ဦးမောင်နဲ့လည်းရှေ့မှာ ‘’ဂမ္ဘီရ မျက်လုံး’’ ဆိုတဲ့ ဇာတ်ကားလေး ရိုက်ဖြစ်တယ်။ အဲဒီမှာတော့ အင်းဝခေတ်နဲ့ ကိုလိုနီခေတ် ၂ ခေတ်စလုံးကို ကျွန်တော်ပါဝင်ပြီး သရုပ်ဆောင်ရတယ်။ ဒီဇာတ်ကားလေးက ရေသူမကားလေး ဖန်စီလေးဆိုတော့ အရမ်းကြီး မပင်ပန်းလောက်မယ့် ဇာတ်ကားလို့ထင်ပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

ဒဏ္ဍာရီပင်လယ် ရုပ်ရှင်ဇာတ်ကားထဲမှာ အလင်းရောင်၊ ထွန်းကိုကို၊ ပြေဇင်၊ အိချောပို၊ မေသန်းနု တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။

First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က