တရားလို မိန်းကလေးရဲ့ နာမည်ကို Grace လို့ပဲ ပေးထားတာပါ။

သရုပ်ဆောင် မင်းရာဇာဟာ ဒီနေ့ တက်ရောက်လာတဲ့ ရုံးချိန်းမှာ အိမ်အကူ မိန်းကလေးရဲ့ နာမည်အရင်းကို ထုတ်ဖော်ပြောဆိုခဲ့တာဟာ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးဥပဒေ နဲ့ ငြိစွန်းတယ်လို့ တရားလို ရှေ့နေက ဆိုပါတယ်။

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတိုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ ဇူလိုင်(၂၂)ရက်က မြောက်ဥက္ကလာတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာ မင်းရာဇာက မီဒီယာတွေရဲ့ အရှေ့မှာ အိမ်အကူမိန်းကလေးရဲ့ နာမည်အရင်းကို ထုတ်ဖော် ပြောခဲ့တာလည်း တွေ့ရပါတယ်။ အိမ်အကူမိန်းကလေးမိသားစုမှာ သူတို့ကြောင့် ဘယ်တော့မှ ဒုက္ခမရောက်ဖူးပါဘူးလို့ ပြောရင်း အိမ်အကူ မိန်းကလေး နာမည်ကိုပြောကာ 



“လောဘနောက် လိုက်နေတဲ့ သူတွေ ကြားမှာ မနစ်မွန်းပါစေနဲ့လို့ ပြောချင်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ကလေးသူငယ်များဆိုင်ရာ အခွင့်အရေး ဥပဒေအရ နစ်နာသူ ကလေးများရဲ့ နာမည်တွေကို ထုတ်ဖော်ပြောပြခွင့်မရှိဘူးလို့လည်း သိရပါတယ်။ ဒီနေ့ ရုံးချိန်းမှာ သရုပ်ဆောင် မင်းရာဇာက အိမ်အကူ မိန်းကလေး ရဲ့ နာမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ အပေါ် တရားလိုဘက်က ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က 

“ ဒါကတော့ ၂၀၁၉ ခုနှစ် ကလေးသူငယ်များဆိုင် ရာအခွင့်အရေး ဥပဒေရှိပါတယ်။ အဲဒီ ဥပဒေက နာမည်တွေ ထုတ်ဖော်ပြောဆိုတာဟာ ဥပဒေအရ တားမြစ်ထားမှုကို မလိုက်နာတဲ့အတွက် မကောင်းဘူးပေါ့နော်။ ဒီလို ထုတ်ဖော်ပြောဆိုလိုက်တာဟာ သူ့အနေနဲ့ ဒီဘက်က မရရင် ဟိုဘက်ကို လုပ်လိုက်တယ်ဆိုတဲ့ သဘောပါပဲ။ သူ့ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီးတွေကလည်း သဘောတူမှာတော့ မဟုတ်ပါဘူး။ တားမြစ်မယ်လို့ ယုံကြည်ပါတယ်။ သို့သော် သူသည် ဥပဒေအရ ငြိစွန်းမှုအသစ်တစ်ခုကို ထပ်မံ ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ ဒါကို သူ့အနေနဲ့ ဆင်ခြင်သင့်တယ်။ ကိုယ်တွေအတွက်ကတော့ ဒါဟာ မှတ်တမ်းပေါ့”လို့ ဆိုကာ Duwun ကိုပြောပြခဲ့ပါတယ်။ 

အိမ်အကူ မိန်းကလေးရဲ့ နာမည်ကို အမှုကိစ္စ စတင် ဖြစ်ပွားကတည်းက နာမည်အရင်းကို မဖော်ပြခဲ့ဘဲ အိမ်အကူမိန်းကလေးရဲ့ရှေ့နေ ဖြစ်သူ ဦးရောဘတ်စန်းအောင်က Grace လို့သာ အမည်လွှဲခေါ်ဝေါ်စေခဲ့တာ ဖြစ်ပါတယ်။မင်းရာဇာရဲ့ အမှုအခြေအနေကတော့ တရားလိုဘက်က သက်သေခံ အဖြစ် မင်းရာဇာတို့ ဇနီးမောင်နှံပြောထားတဲ့ အသံဖိုင်တွေကို တင်သွင်းထားတယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။ 

အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရရှိခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က