လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းပြောပြလာပါတယ်။
Sabal Thwin

ရေဗက္ကာဝင်းကတော့ ခင်ပွန်းဖြစ်သူ ကိုကောင်းကျော်ဆွေနဲ့ အိမ်ထောင်သက်တမ်း ၆ နှစ်ကျော်လာပြီဖြစ်ပါတယ်။ လက်ရှိ အိမ်ထောင်ရေး အခြေအနေကိုလည်း ရေဗက္ကာဝင်းက ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

Photo: Rebecca Win

အဆိုတော် ရေဗက္ကာဝင်းကတော့ သူ့ရဲ့ ဂီတအလုပ်တွေကိုလည်း တစိုက်မတ်မတ်ဆောင်ရွက်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ သူမရဲ့ အိမ်ထောင်ရေး အခြေအနေကတော့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် အတိအကျပြောပြလို့ရတဲ့ အခြေအနေတစ်ခုရောက်ရင် ပရိသတ်ကို အသိပေးသွားမယ်လို့ မီဒီယာ အင်တာဗျူးတွေ ကနေ ပြောပြလာပါတယ်။

‘’အိမ်ထောင်ရေးကတော့ ပြောပြလို့ရတဲ့ အခြေအနေရောက်ရင် ပြောပြပါမယ်။ အခုကတော့ ဘာမှထူးခြားတဲ့ အနေအထားမဖြစ်သေးဘူးဆိုတော့ တိတိကျကျပြောလို့ရတဲ့ အချိန်ကျမှပဲ ပြောပါမယ်။ အရင်ကတည်း ကလည်း ရေဗက္ကာဝင်းဆိုတာ အနုပညာရှင်တွေနဲ့ ပရိသတ်တွေက သိခဲ့ကြတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကိုယ့်ရဲ့ အနုပညာအလုပ်တွေကိုလည်း တစ်ဖက်တလမ်းက တတ်နိုင်သလောက် ကြိုးစားပြီးတော့လုပ်နေတယ်။ လူမှုရေး ကိစ္စဆိုတာကလည်း လူတိုင်းမှာရှိတတ်ကြတယ် အစ်မမှာလည်း လူမှုရေး ပြဿနာတော့ရှိတယ်။ ဒါကြောင့် အစ်မရဲ့ အလုပ်က အလုပ်၊ Life က Life ပါပဲ ခွဲခြားပြီးတော့ လုပ်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: HK

သူမရဲ့ အချစ်ရေးကတော့ ကံကောင်းတာလား၊ ကံမကောင်းဘူးလား ဆိုတာကိုတော့ ကံတရားနဲ့သာ သက်ဆိုင်တယ်လို့ ရေဗက္ကာဝင်းက ပြောပါတယ်။

‘’ အချစ်ရေး ကံကောင်းတယ်၊ မကောင်းဘူးဆိုတာကတော့ လူတစ်ယောက်ရဲ့ ကုသိုလ်ကံပေါ့နော်။ဘုရားပေးတဲ့ ကောင်းချီးလေ။ ဒါနဲ့ပဲ ဆိုင်တယ်လို့ ထင်ပါတယ်။ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်တဲ့ မိန်းမလို့လည်း ကိုယ့်ကိုယ့်ကိုယ် မထင်ပါဘူး။ ရေဗက္ကာက ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနဲ့ ပေါ့ပေါ့ပါးပါးပဲ နေတတ်တဲ့သူမျိုးပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၅ ရက်နေ့က Dancing with the stars မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: K

ရှေ့ဆက်ရမယ့် အနုပညာလမ်းကြောင်းကိုလည်း အဆင်ပြေပြေ အေးအေးချမ်းချမ်းပဲဖြတ်သန်းသွားမယ်လို့ ရေဗက္ကာဝင်းကဆိုပါတယ်။

‘’ အစ်မက အစကတည်းက အေးအေးဆေးဆေးနေတတ်တဲ့သူ၊ ကိုယ့်ရဲ့ ခံစားချက်မဖြစ်တတ်တဲ့သူမျိုးလည်းမဟုတ်ပါဘူး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ခံစားချက်ကို သူများမြင်အောင် မပြတတ်ဘူး။ မပြောလည်း မပြောတတ်တဲ့လူထဲမှာ ပါတဲ့အတွက်ကြောင့် အေးအေးဆေးဆေးနဲ့ပဲ အချိန်ကာလ တစ်ခုကို ကျော်ဖြတ်သွားနိုင်မယ်လို့ ထင်ပါတယ်’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo: Rebecca Win

ရေဗက္ကာဝင်း နဲ့ ခင်ပွန်းဖြစ်သူ ကိုကောင်းကျော်ဆွေ တို့ ဇနီးမောင်နှံဟာ ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့က Judson Church ဘုရားကျောင်းမှာ မင်္ဂလာပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ၆ နှစ်တာကာလကို ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ ရေဗက္ကာဝင်းကိုတော့ အချစ်သီချင်း ချိုချိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူမကတော့ ကချင်တိုင်းရင်းသူလေး တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ


က္က