loading...

loading...

loading...

အိမ်ထောင်သက်တမ်း ၃၃ နှစ်ရှိပါပြီ။
Sabal Thwin

မို့မို့မြင့်အောင်ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူအပေါ် စောင့်ထိန်းလာခဲ့တဲ့ သိက္ခာတရား၊ သစ္စာတရားတွေကို ဘယ်လိုအကြောင်းနဲ့မှ အပျက်မခံနိုင်ဘူးလို့ဆိုလာပါတယ်။ 

Photo: Academy Moht Moht Myint Aung

သရုပ်ဆောင်မို့မို့မြင့်အောင်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ အိမ်ထောင်သက်တမ်း ၃၃ နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူဟာ အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပေမယ့် မမို့ကြောင့် လမ်းခွဲခဲ့တာ မဟုတ်ကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ သူမရဲ့ အိမ်ထောင်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ပြောပြလိုက်ပါတယ်။ 

“တချို့ကတော့ ပြောကြတာက မမို့အမျိုးသားဟာ အိမ်ထောင်ရေးအဆင်မပြေလို့ဆိုပြီးတော့ တစ်နှစ်နေပြီးတော့မှ မမို့နဲ့ လက်ထပ်တာပါ။ မမို့ သူများအိမ်ထောင်ရေးကို ဖျက်ဆီးတဲ့သူအဖြစ်မခံနိုင်ပါဘူး။ ဒီစကားကို ပွင့်ပွင့်လင်းလင်းပြောလို့ရတဲ့အချိန်အခါမို့ ပွင့်ပွင့်လင်းလင်းပြောတာပါ။ အိမ်ထောင်သက် ၃၃ နှစ်အထိ သစ္စာရှိရှိနေခဲ့တာကို ရှေ့က ဇာတ်လမ်းကိုသေချာမသိပဲ ရေးကြတာတွေရှိပါတယ်။ ဒီအကြောင်းအရာတွေကို အနုပညာလောကကရော၊ အပြင်လောကက တော်တော်များများ သိကြပါတယ်။ အရေးကြီးဆုံးကတော့ မမို့တို့ အိမ်ထောင်ရေး သာယာပြီးတော့ မမို့အမျိုးသားပေါ်မှာရှိနေတဲ့ နှစ်ပေါင်းများစွာ သိပ်သည်းပြီး ထူထပ်နေတဲ့ သစ္စာတရားတွေကိုတော့ ဘာနဲ့မှ အပျက်မခံနိုင်ပါဘူး” လို့ သူကဆိုပါတယ်။ 

Photo: Academy Moht Moht Myint Aung

လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူရဲ့ ကျန်းမာရေးကို ဂရုတစိုက်ပြုစုပေးနေတယ်လို့ မို့မို့မြင့်အောင်က ပြောပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးနေရတာကို ချစ်တဲ့စိတ်ကြောင့် ပင်ပန်းတယ်လို့ မခံစားဘူးလို့လည်း သူကဆိုပါတယ်။  

“ မမို့ အမျိုးသားက ခေါင်းပိုင်းလေးပဲ အသက်ရှင်တော့တာ။ အဲဒီတော့ ရေတိုက်ရင် ဘယ်လောက် CC ဝင်တယ်ဆိုရင် အောက်က ဘယ်လောက် CC ဆိုတာကို ကိုယ်ကိုယ်တိုင် လက်နဲ့ တွန်းထုတ်ရတာ။ ကိုယ်ကိုယ်တိုင် ဆီး နဲ့ ဝမ်းကို တွန်းထုတ်ပေးတာ။ နာ့စ်တွေ ကိုတောင်မလုပ်ခိုင်းဘူး စိတ်တိုင်းမကျဘူး။ လမ်းလျှောက်ဖို့ကိုလည်း ကိုယ်တိုင် ထမ်းပိုးပြီးလျှောက်တာ။ အဲဒီအတွက်လည်း ပင်ပန်းတယ်လို့မထင်ဘူး။ ကျေနပ်တယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နှင်းဆီရဲတိုက် ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Academy Moht Moht Myint Aung

မို့မို့မြင့်အောင်ဟာ သူမရဲ့ အမျိုးသားက သူမအပေါ် ဘယ်လောက်အထိ ချစ်တယ်ဆိုတဲ့အကြောင်း ကိုလည်း ပြောပြခဲ့ပါသေးတယ်။ သူမနဲ့ လက်တွဲဖို့ ဘုရားမှာတောင် ဆုတွေတောင်းခဲ့သူပါတဲ့။ 

“ မမို့အမျိုးသားက မမို့ကို ဘုရားမှာတောင်းတာတဲ့။ အရှင်ဘုရား ဒီမိန်းကလေးကို ကျွန်တော့ဇနီးအဖြစ် ပေးသနားတော်မူပါဆိုပြီးတော့ တောင်းခဲ့တာတဲ့။ သူဟာ သူတော်ကောင်းတစ်ယောက်ပါ။ ကိုယ့်အမျိုးသားဖြစ်လို့ပြောတာ မဟုတ်ဘူး။ သူ့အကြောင်းကိုလည်း တော်တော်များများက သိတယ်။ အရင်တုန်းကဆို သင်္ဘောသားတော်တော်များများကို သူပဲတင်ပေးခဲ့တာ။ ပိုက်ဆံ ဘယ်သူမှ မယူရဘူး ယူတဲ့သူ အလုပ်က ထွက်ပဲ။ လူတွေအများကြီးအပေါ် ကောင်းခဲ့တဲ့ သူ့ကို အခုလို ပြုစုစောင့်ရှောက်ခွင့်ရတာ မမို့ ကျေနပ်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Academy Moht Moht Myint Aung

မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က