အနုပညာအလုပ်ကိုပဲ အာရုံစိုက်နေတယ်တဲ့။
Ei Ei Myat

အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတဲ့ မင်းဟိဏ်းကတော့ သူ့ရဲ့ အချစ်ရေးအကြောင်းကို ရင်ဖွင့်လို့လာပါတယ်။

သရုပ်ဆောင်မင်းဟိဏ်းကတော့ သူ့ရဲ့ အလုပ်တွေကိုပဲ အာရုံစိုက်ပြီး ကြိုးစားနေတဲ့အတွက် အိမ်ထောင်ပြုဖို့ကိုတော့ မစဉ်းစားသေးဘူးလို့ ဆိုပါတယ်။ တချို့ပရိသတ်တွေက သူ့ကို အိမ်ထောင်ရှိတယ် လို့ ထင်နေကြတဲ့အပေါ်ကိုလည်း သူက ယခုလို ပြောပြခဲ့ပါသေးတယ်။

“ကျွန်တော်က အိမ်ထောင်မရှိသေးပါဘူး။ လူပျိုက လူပျိုအစစ်ပါ။ အခုချိန်မှာ အိမ်ထောင်လည်းမပြုရသေးဘူး။ အိမ်ထောင်လည်းမရှိဘူး။ ဒါပေမယ့် အိမ်ထောင်ပြုဖို့အတွက် ဖြစ်လာတဲ့ အခြေအနေကတော့ ကျွန်တော်လည်း မပြောတတ်သေးပါဘူး။ ကျွန်တော်က ယောကျာ်းတစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ အိမ်ထောင်ပြုတဲ့ ကိစ္စက ကျွန်တော့်ဘဝအတွက် ကျွန်တော်ရပ်တည်နိုင်ဖို့ဆိုတဲ့စိတ်ထဲမှာ ရှိပါတယ်။ အနုပညာအလုပ်ကိုပဲ တန်ဖိုးရှိရှိနဲ့ လုပ်ပြီးတော့ ကျွန်တော်နေနေပါတယ်။ အိမ်ထောင်ပြုဖို့မပြုဖို့က ကျွန်တော်မစဉ်းစားသေးပါဘူး”လို့ Duwun Media ကိုပြောပါတယ်။

အမျိုးသားတစ်ယောက်ဖြစ်တဲ့အတွက် လူငယ်ဘဝက ချစ်သူရည်းစားထားခဲ့ဖူးပေမယ့် အခြေအနေအမျိုးမျိုးကြောင့် လက်မထပ်ဖြစ်ခဲ့ဘူးလို့ သူက ဆိုပါတယ်။အခုချိန်မှာတော့ လက်ထပ်ဖို့ဆိုတာထက် သူ့ရဲ့ အလုပ်တွေကို သေချာကြိုးစားဖို့အတွက်ပဲ စိတ်ကူးထားတယ်လို့ သူက ပြောပါတယ်။ 

“အစ်ကိုအနေနဲ့ လက်တွဲဖော်အိမ်ထောင်ဖက်ဆိုတာ အသက်ငယ်တယ်ကြီးတယ်တော့မဟုတ်ပါဘူး။ တစ်ချိန်တော့ ဖြစ်လာမှာပေ့ါ။ အစ်ကိုအနေနဲ့ကတော့ အခုချိန်မှာ အစ်ကို့အလုပ်ပဲ အကိုကြိုးစားနေပါတယ်"” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် မင်းဟိဏ်းရဲ့ အနုပညာသက်တမ်းကတော့ ၁၀ စုနှစ် ၃ စုလောက် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတောအတွင်းမှာတော့ အနုပညာအလုပ်နဲ့ ၆ နှစ်ကျော်အကြာ ဝေးကွာခဲ့ပြီး ၂၀၁၉ ခုနှစ် အတွင်းမှာတော့ အနုပညာအလုပ်တွေပြန်လည် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ မင်းဟိဏ်းကိုတော့ 1990 နောက်ပိုင်းက Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အက်ရှင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။




က္က