အခုတော့ တူလေး၊ တူမလေးတွေကိုပဲ ထိန်းတော့မယ်။

အဆိုတော် ဖြိုးမြတ်အောင်ကတော့ အချစ်ဆိုတာကို ယုံကြည်မှုမရှိတော့လောက်တဲ့ အထိ အချစ်ရေးအပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

Photo: Phyo Myat Aung



ဖြိုးမြတ်အောင်က ၂၀၂၀ ခုနှစ် ဇူလိုင်(၉) ရက်နေ့က အသက်(၂၈) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ မိသားစု တစ်ခုကို ထူထောင်သင့်တဲ့ အရွယ်ဆိုပေမယ့် အိမ်ထောင်ပြုဖို့ ခက်ခဲနေတုန်းပဲလို့ Duwun ကိုပြောပါတယ်။ 

“ အိမ်ထောင်ပြုမယ်ဆိုရင်လည်း အမေ့ကို တိုင်ပင်သွားမှာပါ။ ဒါပေမယ့် အိမ်ထောင်ပြုမယ် မပြုဘူးဆိုတာကလည်း လွန်ဆွဲနေတုန်းပဲ။ အိမ်ထောင် မပြုဖြစ်ဖို့ များပါတယ်။ အချစ်ဆိုတာကိုလည်း သိပ်မယုံတော့ဘူး၊ အချစ်ဆိုတာ ယုံစရာမကောင်းဘူး။ ပူလည်း ပူလောင်တယ်၊ ၅၂၈ အချစ်လောက် မအေးချမ်းဘူး။ သူတစ်ပါးကို တွယ်တာလိုက်ပြီဆိုတာနဲ့ ကိုယ့်မှာ စပြီး ပူလောင်လာတာ။ အဲဒီပူလောင်မှု ဒဏ်တွေ၊ စိတ်ညစ်စရာတွေကို ကျွန်တော်လည်း မခံစားနိုင်ဘူး” လို့ ဆိုပါတယ်။ 

Photo: Phyo Myat Aung

မိခင်ဖြစ်သူကလည်း ဖြိုးမြတ်အောင်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ဘူးလို့ သိရပါတယ်။ အစ်မဖြစ်သူက မွေးလာမယ့် ကလေးတွေကိုပဲ ထိန်းတော့မယ်လို့ ဖြိုးမြတ်အောင်က သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

“ ကျွန်တော့် အသက် အခု (၂၈) နှစ်ရှိပြီ အမေက အိမ်ထောင်ပြုဖို့ တိုက်တွန်းတာမျိုးတွေ မရှိသေးဘူး။ ဒါပေမယ့် အမေကတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံရမယ် ဆိုတာပဲ ပြောပြထားတယ်။ အမေက မြေးရှိနေပါပြီ။ ကျွန်တော့် အစ်မရဲ့ ဗိုက်ထဲမှာ ကလေးလေးရှိနေပြီလေ။ မကြာခင် လူ့လောကထဲရောက်လာတော့မှာ ကျွန်တော်လည်း တူတွေ၊ တူမတွေပဲ ထိန်းတော့မယ်ဗျာ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က