ညီမက နည်းနည်း ဇီဇာကြောင်တယ်။

နေခြည်ရွှန်းလက်ကတော့ သူမရဲ့ ဘဝမှာ အရေးကြီးဆုံးအရာက မိဘနှစ်ပါးနဲ့ အလုပ်က ပထမပါပဲတဲ့။ လိုချင်တဲ့ ချစ်သူ ပုံစံကလည်း သတ်မှတ်ထားပြီးသားပါလို့ သူကဆိုပါတယ်။ 

ဆယ်ကျော်သက်အရွယ် မင်းသမီးချောလေးဖြစ်တဲ့ နေခြည်ရွှန်းလက်ကတော့ ပရိသတ်အချစ်တွေ အများကြီးကို ပိုင်ဆိုင်ထားသူပါ။ သူမဟာ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အရပ်ရှည်တဲ့ ကောင်လေးမျိုးကိုပဲ ချစ်သူတော်ချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ စိတ်ကူးယဉ်ထားတဲ့ ပုံစံမျိုးက အပြင်ပိုင်း ပုံစံကတော့ ကိုယ့်ထက်အရပ်ရှည်ရမယ် ဒါပါပဲ။ အဓိက ကတော့ သစ္စာရှိဖို့၊ မိန်းကလေးတစ်ယောက်ကို အော်တာတို့၊ နိုင့်ထက်စီးနင်းလုပ်တဲ့ ယောကျ်ားလေး မဟုတ်ရင် ရပါပြီ။အိမ်ထောင်ပြုမယ်ဆိုရင်တောင်မှ နောက်ထပ် ၁၀ နှစ်ကျော်ပေါ့ နေခြည့်အသက် ၃၀ လောက်မှ အိမ်ထောင်ပြုဖို့တော့ စဉ်းစားထားတယ်” လို့ သူကဆိုပါတယ်။ 

နေခြည်ရွှန်းလက်က အလုပ်တွေ ကြိုးစားနေရတာဖြစ်လို့ အချစ်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားတော့ ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အပျိုကြီးလုပ်မှာတော့ မဟုတ်ဘူးလို့ သူပြောပါတယ်။ 

“ အခုတော့ ချစ်သူမရှိသေးပါဘူး။ ညီမ ပုံစံကလည်း အပျိုကြီးတစ်ယောက်လိုပဲ နည်းနည်း ဇီဇာကြောင်တယ်။ အပျိုကြီးတော့ မဖြစ်ချင်ဘူး သရဲကြောက်လို့။ အသက်ကြီးလာရင် အိမ်မှာ တစ်ယောက်တည်း နေနေရမှာလေ။ ဆေးပေးမီးယူပေါ့ တကယ်လို့ ချစ်သူရှိလာရင်လည်း လက်ထပ်မယ်၊ မရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့ ပရိသတ်တွေ၊ ကိုယ့်ရဲ့ အနုပညာအလုပ်တွေ လုပ်ရင်းနဲ့ပဲ ဖြတ်သန်းသွားရမှာပေါ့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

နေခြည်ရွှန်းလက်ရဲ့ ဘဝမှာ အရေးကြီးဆုံးအရာတွေကိုလည်း ဖွင့်ဟပြောပြလာပါတယ်။ လက်ရှိ ချစ်မိနေတဲ့သူတွေကတော့ ကိုရီးယား မင်းသားတွေပဲလို့ ရယ်မောရင်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

“အခုချိန်မှာတော့ နေခြည့်ဘဝမှာ မိသားစု၊ အလုပ်၊ ပရိသတ်တွေက အဓိက အရေးပါဆုံးပါပဲ။ မချစ်တတ်တာလည်းမဟုတ်ဘူး ချစ်တတ်တယ်။ ကိုရီးယားဇာတ်ကားတွေ ကြည့်ပြီး ကိုရီးယားမင်းသားတွေကို ချစ်တတ်တယ်။ အလုပ်ကိုပဲ ဦးစားပေးလုပ်ချင်တဲ့အတွက် အပြင်ကလူတွေကို သိပ်မမြင်ဘူး၊ အလုပ်ကိုပဲ မြင်တယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့က ရွှေပြည်နန်း ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။ 

နေခြည်ရွှန်းလက်ဟာ အနုပညာအလုပ်နဲ့ပတ်သက်ပြီး ၂၀၁၆အကယ်ဒမီရွှေကြိုအနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။ ပုဂံမြို့သူဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တာပါ။ အဲဒါပြီးနောက် MRTV-4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ "မျက်လုံးမှာလွမ်းနှုတ်ခမ်းမှာမာန" ရုပ်သံဇာတ်လမ်းတွဲမှာခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိခဲ့သူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က