Sabal Thwin

မိုရီဆာကီဝင်းကတော့ မကြာခင်မှာ အသက် ၂၉ နှစ်ပြည့်တော့မှာပါ။ အသက် ၃၀ ကျော်မှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေအတွက် အခုချိန်မှာ ပိုကြိုးစားမယ်လို့ဆိုပါတယ်။

ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားမင်းသားချောလေးဖြစ်တဲ့ မိုရီဆာကီဝင်းကတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ဆိုရင် အသက် ၂၉ နှစ်ပြည့်ပါပြီတဲ့။ ၂၉ နှစ်ပြည့်တော့မယ့် သူ့ရဲ့ ခံစားချက်ကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’၂၉ နှစ်ပြည့်မယ်ခင်ဗျ။ ဂျပန်မှာရှိတဲ့ ကျွန်တော့်ရဲ့ စီနီယာအစ်ကို၊ အစ်မတွေပြောတာက ယောကျ်ားကတဲ့ အသက် ၃၀ ကနေစတာတဲ့။ မြန်မာပြည်မှာက အသက် ၄၀ ဆိုတော့ ၁၀ နှစ်ကြီးသွားတာပေါ့။ အသက် ၃၀မှာ မစသေးဘူးလား ကျွန်တော်က စချင်နေပြီ’’ ဆိုပြီးတော့ အစပျိုးကာ စနောက်ပြီး ဖြေဆိုခဲ့တာပါ။

Photo: Win Morisaki

အသက် ၃၀ ပြည့်ရင် ယောကျ်ားတွေရဲ့ ဘဝက စပြီဆိုတဲ့ အကြောင်းအရာကိုလည်း မိုရီဆာကီဝင်းက အခုလို ရှင်းပြခဲ့ပါသေးတယ်။ သူကိုယ်တိုင်ကလည်း ဒီစကားအတိုင်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

‘’အသက် ၃၀ နောက်ပိုင်းဆိုရင် အသက် ၂၀ အတွင်းမှာ ကြိုးစားခဲ့တာတွေက အသက် ၃၀ကျော်မှ အကောင်အထည်ပေါ်လာတာက ပိုများတယ်ပေါ့နော်။ အသက် ၃၀ မရောက်ခင်မှာ နောက်ဆုံးနှစ်တစ်နှစ်ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် အသက် ၃၀ကျလို့ရှိရင် ဒါမျိုး ယောကျ်ားတစ်ယောက်၊ ဒါမျိုး အနုပညာသမားတစ်ယောက် ဖြစ်ရမယ်လို့ ကျွန်တော်ရည်ရွယ်ထားတာနဲ့က နည်းနည်းဝေးနေတယ်။ နောက်တစ်နှစ်မှာ ကျွန်တော် ဘာတွေကြိုးစားနိုင်မလဲဆိုတာကိုပဲ ခေါင်းထဲမှာ ထားပြီးတော့ ၁၀၀ ရာခိုင်နှုန်း ကြိုးစားသွားမှာဖြစ်ပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁၄ ရက်နေ့က ‘’အိပ်မက်တွေမိုးထားတဲ့ အိမ်’’ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်းပြောပြလာတာပါ။

Photo: Win Morisaki

မိုရီဆာကီဝင်းဟာ မိန်းကလေးပရိသတ်တွေရဲ့ အချစ်ကို အများကြီးပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူကိုယ်တိုင်ချစ်ရမယ့် ချစ်သူကိုတော့ ရှာလို့တွေ့ဦးမှာ မဟုတ်သေးဘူးလို့ဆိုပါတယ်။

‘’ ကျွန်တော် ချစ်သူတွေ့ဖို့ထက် ကျွန်တော် ဇာတ်လမ်းတွဲလည်းရိုက်ရမယ်။ ဂျပန်ပြည်မှာလည်း အများကြီးရိုက်ရဦးမယ်ခင်ဗျာ။ ဘယ်ကြားထဲကနေ ချစ်သူဝင်လာမှာလဲခင်ဗျ။ ဝင်လာမယ့် ချစ်သူ Schedul ကို မန်နေဂျာဆီကတောင်းရမယ်ခင်ဗျ။ ကျွန်တော့်မန်နေဂျာကို မေးပေးကြပါလားခင်ဗျာ။ ချစ်သူအတွက် အချိန်နည်းနည်းလုပ်ပေးပါလို့’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ဖြေဆိုခဲ့ပါတယ်။ 

Photo: Win Morisaki

မိုရီဆာကီဝင်းဟာ ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီး ကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။ အဝင်းက မြန်မာနိုင်ငံ သားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ မြန်မာသီချင်းကိုလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုနေတာကို တွေ့ရပါတယ်။သူဟာ ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။ အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ အောင်မြင်မှုများစွာရရှိနေတဲ့ အဆိုတော်အဖွဲ့ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က