အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာ ပိုရင့်ကျက်လာတယ်။
Sabal Thwin

လူမင်းက သူ့ထက် အသက် ၁၄ နှစ်ငယ်တဲ့ ဇနီးဖြစ်သူ အကြောင်းကို ပြောပြလာပါတယ်။ ရိုက်ကွင်းတွေရှိရင်လည်း ဇနီးဖြစ်သူက လိုက်ဖြစ်တာများတယ်လို့ဆိုပါတယ်။

Photo: Amazing Grace

လူမင်းက မိသားစုလိုက် ခရီးထွက်တာဖြစ်စေ၊ နယ်မှာ ရုပ်ရှင်ရိုက်ကွင်းလုပ်တာဖြစ်စေ အလှဓာတ်ပုံလေးတွေ အမြဲ တင်ဖြစ်နေတာကို တွေ့ရပါတယ်။ ဇနီးဖြစ်သူကိုလည်း သူကိုယ်တိုင် ဓာတ်ပုံရိုက်ပေးဖြစ်တဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’အစ်ကိုက နယ်သွားရင် ရှုတင် ၂ ခု ဟိုဘက်မှာက သရုပ်ဆောင်၊ ဒီဘက်မှာက ဓာတ်ပုံဆရာ လုပ်ရတယ်’’ ဆိုပြီးတော့ လူမင်းရဲ့ မွေးနေ့ အလှူမှာ ဇနီးဖြစ်သူကို ဖက်ရင်း သဘောတကျရယ်မောပြီး ဖြေဆိုခဲ့တာဖြစ်ပါတယ်။  

Photo: Amazing Grace

ခင်စံပယ်ဦးကတော့ လူမင်းထက် အသက် အများကြီး ငယ်တဲ့သူပါ။ မိသားစုဝင်ထဲမှာလည်း အငယ်ဆုံး သမီးတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးတဲ့ အချိန်မှာတော့ ပိုရင့်ကျက်လာတာတွေရှိတယ်လို့ လူမင်းက ဆိုပါတယ်။

‘’ သူက အစ်ကို့ထက် ၁၄ နှစ်ငယ်တယ်။ သူ့ မိဘတွေ၊ အစ်ကိုတွေနဲ့တုန်းက အရမ်းအလိုလိုက်ထားတာ ဆိုတော့လေ အစ်ကိုနဲ့ ယူပြီးတော့မှ လမ်းလျှောက်ရင် ခါးလေး ဆန့်ပြီး လမ်းလျှောက်ဖို့၊ ပြီးတော့ အရင်တုန်းကထက် ဘုရား တရား ကို အတူတူပိုလုပ်ဖြစ်တယ်ပေါ့။ ကလေးလိုလည်းဖြစ်တယ်၊ ညီမ လိုလည်းဖြစ်တယ်။ အဲဒါကြောင့်ပါ’’ လို့ သူကဆိုပါတယ်။

Photo: Ayearwaddy Lumin

နယ် ရိုက်ကွင်းတွေ သွားတဲ့အချိန်မှာတော့ လူမင်း နဲ့အတူ မိသားစုဝင်တွေလည်း တစ်ခါတလေ လိုက်ဖြစ်တယ်လို့ ဆိုပါတယ်။

‘’ ရိုက်ကွင်းတွေ ဘာတွေဆိုရင် ဖြစ်သလိုနေ၊ ဖြစ်သလို စားနေတာလေ၊ ကြုံသလိုနေတာ။ မိန်းမ ပါလာတော့ စားဖို့၊ သောက်ဖို့လေးတွေလုပ်ပေး၊ အဝတ်အစား ဝတ်တာက အစ ၊ နေဖို့ထိုင်ဖို့၊ သွားဖို့ လာဖို့ တွေကအစ စဉ်းစဉ်းစားစားနဲ့ လုပ်ပေးတာဆိုတော့ အစ်ကို့အတွက် သက်တောင့် သက်သာဖြစ်စေတာပေါ့’’ လို့ ဆိုပါတယ်။

လူမင်းက ဇနီးဖြစ်သူ ခင်စံပယ်ဦးနဲ့ အိမ်ထောင်သက်တမ်း ၁၄ နှစ်ကျော် ၁၅ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံမှာတော့ ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်း ဆိုတဲ့ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးနှစ်ယောက်ရှိပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ သူတို့ရဲ့ မိသားစု ဘဝလေးကိုလည်း အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။

Photo: Amazing Grace

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က