တစ်နှစ်စာ အိမ်လခ သိန်းရာချီမပေးချင်တော့ဘူးလို့ ဆိုပါတယ်။

လိမ္မော်သီးဟာ ကိုယ့် စိတ်တိုင်းကျ တိုက်အိမ်လေး တစ်လုံး ဖြစ်လာဖို့အတွက် စုဆောင်းထားတဲ့ အရာတွေ ရောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ 

Photo: Lain Maw Thee



အဆိုတော် လိမ္မော်သီးကတော့ အိမ်ငှားပြီးနေရတဲ့ အခြေအနေ ကို မကြုံချင်တော့တာကြောင့် ကိုယ်ပိုင် အိမ်လေး ဆောက်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ငှားနေရခဲ့စဉ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို Duwun ကနေ အခုလို ပြောပြခဲ့ပါတယ်။  

“ မြေဝယ်တုန်းက ဈေးအဲ့လောက်မကြီးဘူး။ အိမ်မဆောက်နိုင်သေးတော့ ၅ နှစ်လောက် ပစ်ထားမိတယ်။ အိမ်ငှားတာကလည်း ၄လွှာ၊ ၅ လွှာ၊ ၆ လွှာလောက် မတက်ချင်ဘူး ခရီးတွေ သွားရတာ ပင်ပန်းတယ်ဆိုတော့ လုံးချင်းအိမ်ပြောင်းနေတယ်။ အိမ်ကောင်းရင် ကောင်းသလို ၁၂ သိန်း၊ ၁၃ သိန်း ပေးရတယ်။ တစ်နှစ် တစ်နှစ် အိမ်လခပေးရတာ သိန်း ရာနဲ့ချီတယ်။ အဲဒီတော့ အမေက အိမ်ဆောက်လိုက်တော့ပေါ့ ဆိုတော့ ဝယ်ထားတဲ့ မြေကွက်မှာလည်း မြက်တွေ၊ ဘာတွေ အကုန်ရှင်းပြီး အိမ်ဆောက်ဖို့ ပြင်ဆင်ရတာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Lain Maw Thee

လိမ္မော်သီးဟာ ကိုယ်ပိုင် အိမ်လေး တစ်လုံး ဖြစ်လာဖို့အတွက် သူ စုဆောင်းထားတာတွေ ရောင်းခဲ့ရပါတယ်။ ဒီ အိမ်လေး တစ်လုံး ဖြစ်လာဖု့ိ အတွက် သူ့ရဲ့ ကိုယ်ပိုင် လက်ဝတ်ရတနာတွေ၊ ကား တွေ အပြင် အကြွေးတင်ရလောက်တဲ့ အထိ ပိုက်ဆံအကုန်အကျ တော်တော် များခဲ့တယ်လို့ ပြောပါတယ်။  

“ အိမ်ဆောက်တဲ့ အချိန် လက်ထဲမှာ ပိုက်ဆံကလည်း အရမ်းအများကြီးရှိတာ မဟုတ်ဘူး။ ဘဏ်ထဲမှာ နည်းနည်းပါးပါးပဲ ရှိတာ အဲဒီတော့ လက်ဝတ်လက်စားလေး ဝယ်ပြီး စုထားတာလေးတွေရှိတယ်။ ကား နှစ်စီး ရှိတာကိုလည်း ရောင်းလိုက်တယ်။ ကားငှားစီးရတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။ အမေ တို့ ထမီရောင်းတဲ့ ဆိုင်ကလည်း ပိုက်ဆံ လိုတော့ ယူတယ်။ သူတို့ စိုက်ပေးထားတဲ့ ပိုက်ဆံကလည်း သိန်း ရာချီရှိတယ်။ ကိုယ် ခရီး တစ်လလောက်သွားပြီး ပြန်လာတော့ အိမ်က နေလို့ရနေပြီ။ ပြီးကျတော့မှ အကြွေးစာရင်းက ထွက်လာရော၊ ဘယ်သူ့ဆီက အတိုးနဲ့ ဘယ်လောက် ယူထားတယ်ပေ့ါ ။ အိမ်ဆောက်တာတော့ သိတဲ့အတိုင်းပဲ ထင်ထားတာထက် ပိုကုန်တယ်” လို့ ဆိုပါတယ်။ 

Photo: Lain Maw Thee

လက်ရှိမှာ လိမ္မော်သီးဟာ ရွှေရောင်နဲ့ အဖြူရောင်လေးကို အဓိကထား ဆေးခြယ်ထားတဲ့ အိမ်လှလှလေးမှာ မိသားစုဝင်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒီအိမ်ကို ဆောက်တဲ့ အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုလည်း အခုလို ပြောပြလာပါတယ်။ 

“အိမ်ကို ဆောက်ပေးတဲ့ လူတွေကလည်း မဆောက်ခင် ကတော့ တစ်မျိုး၊ ဆောက်ပြီးတော့ တစ်မျိုးပေါ့။ ပြီးရင် စကားတွေကလည်း အရမ်းပြောရတယ်။ ကိုယ့်စိတ်နဲ့ အခန့်မသင့်တော့ စကားများ ရတာ အရမ်း စိတ်ညစ်ဖို့ကောင်းတယ်။ အလုပ်သမားတွေ ကလည်း သီချင်း အကျယ်ကြီး ဆိုလို့ ဘေးက တိုင်တာနဲ့ ဆိုတော့ တစ်ယောက် တစ်မျိုးစီ ဖြစ်နေတာပေါ့။ အိမ်တစ်လုံး ဆောက်ရတာ တော်တော် စိတ်ညစ်ဖို့ကောင်းပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Lain Maw Thee

လိမ္မော်သီးကိုတော့ Rock သီချင်းလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိ ရှိလာတာဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာအမူအရာအပြင်၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်တို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အသံပါဝါအားကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင် သူမရဲ့ ဂီတသက်တမ်းဟာ ၁၁ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ "လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ"၊ "လူမှန်" ၊ "ဒဏ်ရာနှလုံးသား" စတဲ့ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားပါတယ်။ အခုဆိုရင်တော့ နောက်ထပ် တစ်ကိုယ်တော်ခွေအနေနဲ့ "အသက်ရှင်မယ့်သူ" ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က