ချွဲတာတော့ မချွဲတတ်ဘူး။

ပရိသတ်တွေစိတ်ဝင်စားခဲ့ကြတဲ့ ပြေတီဦးနဲ့ ဗီဒီယိုဖိုင်လေးထဲက အမှတ်တရတွေကို အိန္ဒြာကျော်ဇင်က သဘောကျရယ်မောရင်းပြောလာပါတယ်။

Photo: Eaindra Kyaw Zin



ပရိသတ်အားကျရတဲ့ အနုပညာရှင် စုံတွဲထဲမှာတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကလည်း မပါမဖြစ်ပါပဲ။ လက်ရှိမှာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေပန်းစားခဲ့တဲ့ ဗီဒီယိုလေးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ခင်ပွန်းဖြစ်သူ ပြေတီဦးကို ဂရုတစိုက် ဆေးလူးပေးနေတဲ့ အကြောင်းကို အိန္ဒြာကျော်ဇင်က မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’အစ်မ မန်နေဂျာက ရိုက်ပေးထားတာ သူက ချောင်းဆိုးနေလို့ဆိုပြီးတော့ အစ်မ မှာ ပါတဲ့ ဆေးအပူလေး လိမ်းပေးတာကို ရိုက်ထားတာ။ သူ့ကို အရမ်းဂရုစိုက်ပါတယ်ပေါ့။ သိပ်ငယ်ချင်တဲ့ရောဂါရှိသလိုပဲ။ အမေလို အစ်မလိုဆိုပြီးတော့ ပြောလိုက်ရတာလည်း အမော။ မသိရင် ၄ နှစ် ၅ နှစ်ကွာသလိုပဲ။ သူအရမ်းငယ်ပါတယ်ပေါ့။ အစ်မက နည်းနည်းလေးပဲ အသက်ကြီးတာပါ’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo: Eaindra Kyaw Zin

အဲဒီနောက် ပြေတီဦးကလည်း ဇနီးချောလေးက အားကိုးရတဲ့အကြောင်းတွေကို ဒီဗီဒီယိုဖိုင်လေးမှာ ချွဲရင်းပြောပြနေတာ တွေ့ရပါတယ်။ ဒီဗီဒီယိုဖိုင်လေးကို ကြည့်တဲ့ ပရိသတ်တွေကတော့ အပျော်လေးတွေ ကူးစက်ကုန်ကြမှာပဲ။

‘’ အဲဒါ တမင်သက်သက်လုပ်တာ။ အမှန်ကတော့ ပရိသတ်ကို အဲဒီလို Post လေးနဲ့ ရိုက်ပြီးတော့ ပျော်စေချင်တဲ့ သဘော ဆန္ဒလေးနဲ့တင်လိုက်တာ။ သူလည်း အမြဲတမ်းတော့ မချွဲပါဘူး။ အဲဒီလိုလည်း မလုပ်တတ်ဘူး။ အစ်မလည်း မလုပ်တတ်ဘူး’’ဆိုပြီးတော့ စက်တင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ Lush မဂ္ဂဇင်း ၂ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်က လက်ရှိမှာလည်း အနုပညာနဲ့ဆိုင်တဲ့ အလုပ်တွေ၊ ကိုယ်ပိုင်စီးပွားရေးတွေနဲ့ အလုပ်များနေတတ်သူပါ။ ခင်ပွန်းဖြစ်သူနဲ့ ဂေါ့ဖ်ရိုက်ထွက်တာတို့တောင် မလုပ်ဖြစ်ဘူးလို့ဆိုပါတယ်။

‘’ ဂေါ့ဖ်ကွင်းထဲလည်း မလိုက်ချင်ဘူး။ ဂေါ့ဖ်ကွင်းက ပူကလည်းပူ၊ ပြီးတော့ သူက မနက် ၄ နာရီ၊ ၅ နာရီလောက် ထရိုက်တာဆိုတော့ သူနဲ့လိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အစ်မ အလုပ်မရှိတဲ့အချိန်ဆိုရင် အစ်မ ကလေးတွေ အနားမှာ နေဖို့ အချိန်ကို မရမက မနည်းကို ထုတ်ပြီးရှာထားရတာ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီးအဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။



Share

Loading Next Article...
က္က