လောလောဆယ် ရွေးချယ်ထားတာ (၈) ယောက်ရှိပါပြီ။
Sabal Thwin

သရုပ်ဆောင် နေထူးနိုင်ကိုယ်တိုင် မြေတောင်မြှောက်ပေးသွားမယ့် အနုပညာရှင်အသစ်လေးတွေကို ရွေးချယ်ထားပြီသွားပြီလို့ သူက ဆိုပါတယ်။ 

နေထူးနိုင်ဟာ ကိုယ်ပိုင် Studio တည်ထောင်ပြီးသွားတဲ့နောက်မှာ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဖိုက်တင်အပိုင်းကို စိတ်ဝင်စားတဲ့ ဝါသနာရှင်တွေကိုလည်း မြေတောင်မြှောက်ပေးသွားမယ့်အကြောင်း Duwun ကနေ ပြောလာပါတယ်။ 

“ ကျွန်တော့်လိုပဲ အက်ရှင်ဝါသနာပါတဲ့ ကလေးတွေကို မြေတောင်မြှောက်ပေးချင်တယ်။ ကျွန်တော်က အသက်ကြီးနေပြီ။ တစ်ခါလာလည်း နေထူးနိုင်၊ နောက်တစ်ခါလာလည်း နေထူးနိုင်ဆိုရင် သူတို့လည်း ပျင်းနေမှာပေါ့။ ဒါကြောင့် နေထူးနိုင်နဲ့ နောက်ထပ် အသစ်တွေ အတူတူရိုက်မယ်။ အခုလည်း ဒီမှာ ရိုက်လို့ရပြီဆိုတာနဲ့ “ကြယ်တံခွန် အင်တာတိန့်မန့်" က သရုပ်ဆောင် အသစ်လေးတွေကို ခေါ်ထားမယ်။ သူတို့ကိုလည်း စတန့်တွေရော အကုန်သင်ထားပြီးပြီ။ ဒီကလေးတွေနဲ့ ကျွန်တော် စရိုက်တော့မယ်" ဆိုပြီးတော့ ဇွန်လ (၈) ရက်နေ့က Target Stunts Studio ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

သရုပ်ဆောင် နေထူးနိုင်က ဇွန်လ(၈) ရက်နေ့ မနက်ပိုင်းက ကိုယ်ပိုင်စတူဒီယိုဖြစ်တဲ့ " Target Stunts Studio" ကိုသီရိမွန်ပလာဇာမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အရင်ကထက် ပိုကောင်းတဲ့ အရာတွေကို ပြသချင်တာကြောင့် အခုလို ဖွင့်ခဲ့တာလို့လည်း သူက ဆိုပါတယ်။ 

" ကျွန်တော်တို့မှာ သူများနိုင်ငံတွေမှာလို Studio ကောင်းကောင်း မရှိဘူး။ အဲဒီအတွက် အခန်းလိုက်ရှာရင်းနဲ့ ဒီမှာပဲ အပြီးအစီးရိုက်လို့ရအောင် လုပ်ထားတယ်။ နောက်ဆိုရင်တော့ ကျွန်တော်လည်း ဒီထဲမှာပဲ ဇာတ်ကားရိုက်ဖြစ်ဖို့ များပါတယ်။ Outdoor ရိုက်ရမယ့် ဟာတွေဆိုရင်တော့ အပြင်ထွက်ရမှာပေါ့လေ။ ထူးခြားတာကတော့ ကျွန်တော်က ဘယ်သူ့ကို မှီဖို့၊ ဘယ်သူ့ကို ယှဉ်ဖို့ဆိုတာထက် ကျွန်တော့်ကိုယ် ကျွန်တော် အမြဲတမ်းပြိုင်တယ်၊ ယှဉ်တယ်။ ကျွန်တော့်ရဲ့ ဖိုက်တင်တွေကို အရင်ကထက် ပိုကောင်းအောင် ဘယ်လိုတွေ လုပ်မလဲ၊ ပရိသတ်ကို ဘယ်လို အသစ်အဆန်းတွေ ချပြမလဲ၊ ဖျော်ဖြေရေး ဖြစ်တာကြောင့် ကြည့်ရှုရတာ ဘယ်လို အဆင်ပြေမလဲ ဆိုတာကိုကြည့်ရမယ်။ အချိန် (၂) နာရီလောက် ပေးပြီး ကြည့်မယ့် ပရိသတ်တွေကို အသစ်အဆန်းတွေ ချပြချင်တယ်" လို့ သူကဆိုပါတယ်။ 

နေထူးနိုင်က လက်ရှိမှာ ဝါသနာရှင်အသစ်လေး(၈) ယောက်ကို ဇာတ်ကားအတူတွဲရိုက်ဖို့ ရွေးချယ် ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော် ရွေးထားတဲ့ သရုပ်ဆောင်အသစ်လေး(၈) ယောက်ရှိတယ်။ ဒီ (၈) ယောက်ကတော့ အိုက်တင်ဆိုလည်း ပြောလို့ရတယ်။ ကျွမ်းလည်း သင်လို့ရတယ်။ ဖိုက်တင်ဆိုလည်း လုပ်လို့ရတယ်ဆိုတော့ အကုန်လုံးကို ဒေါင်ဒေါင်မြည် ကျွန်တော် ရွေးချယ်ထားပါတယ်။ ဘယ်သူ ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာကိုတော့ ပြောလို့ မရပါဘူး။ အာမလည်း မခံနိုင်ပါဘူး။ သူတို့ ကြိုးစားရင် ကြိုးစားသလိုတော့ ဖြစ်မှာပါ။ ဘယ်အရာပဲဖြစ်ဖြစ် စေ့စေ့စပ်စပ် စွဲစွဲမြဲမြဲ လုပ်ရင်တော့ ဖြစ်လာမှာပါပဲ” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

နေထူးနိုင်ကိုတော့ ပရိသတ်တွေက အက်ရှင်မင်းသားတစ်ယောက်အဖြစ် စတင်သိရှိလာခဲ့ကြတာပါ။ လက်ရှိမှာလည်း အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတာဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဗီဒီယို အဖွဲ့မှာလည်း အတွင်းရေးမှူးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် အားတက်သရော ပါဝင်လေ့ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က