သူမရဲ့ အချစ်ရေးဟာ ပရိသတ်တွေကြားမှာ ဂယက်ထလောက်အောင် စိုးရိမ်မှုတွေရှိခဲ့ဖူးပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး ခံစားချက်ပြင်းထန်ခဲ့တဲ့ သရုပ်ဆောင်ခြူးလေးဟာ အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမကိုယ်တိုင် ပြုပြင်ရမယ့် အချက်တွေလည်း ရှိပါသေးတယ်တဲ့။

Photo: Chue Lay

သရုပ်ဆောင်ခြူးလေးက သူမ ကြုံတွေ့ခဲ့ရတဲ့ အချစ်ရေးနဲ့ လက်ရှိ ခံယူထားတဲ့ အချစ်ရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူမရဲ့ အနုပညာအလုပ်ကို နားလည်မှုအပြည့်ပေးနိုင်မယ့် သူမျိုးကိုသာ ရင်ခုန်ဖို့ ကြိုးစားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အရင်တုန်းကတော့ ကိုယ်ချစ်သွားပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် သူမကြိုက်တဲ့အချက်၊ ကိုယ်မကြိုက်တဲ့အချက်တွေနဲ့ အချစ်ကို တည်ဆောက်နေကြတဲ့အချိန်မှာ ညှိနှိုင်းကြမယ်ဆိုတဲ့ စိတ်တော့ဖြစ်တယ်။ အခုတော့ အဲဒီလို မဖြစ်တော့ဘူး၊ လူတစ်ယောက်မှာ ဗီဇဆိုတာပါလာတယ်။ ကိုယ်စဉ်းစားမယ်ဆိုရင် အစောကြီးကတည်းက အချက်အလက်ကိုကြည့် ဒါပေမယ့် အချစ်က အချစ်ပဲပေါ့နော်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ ဒီအလုပ်ကို နားလည်ဖို့၊ သဝန်မတိုဖို့၊ နားလည်မှု အပြည့်အဝပေးနိုင်မယ့် ယောကျ်ားမျိုးကို ရမှပဲ စပြီးတော့ ရင်ခုန်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရတာပေါ့နော်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ပြဿနာတွေ ထပ်ဖြစ်လာနိုင်မယ်လို့ထင်တယ်’’ လို့ ဆိုပါတယ်။

Photo: HK

အဲဒီနောက် ခြူးလေးက သူမကိုယ်တိုင်ကလည်း ပြုပြင်ရမယ့် အချက်တွေရှိတယ်လို့ ဆိုလာပါတယ်။ ခိုင်မာတဲ့ အချစ်ရေး တစ်ခု တည်ဆောက်ဖို့အတွက်ကလည်း သူမရဲ့ ချစ်ခြင်းမေတ္တာတွေကို ထုတ်ပြရမယ်လို့ မတ်လ ၁၈ ရက်နေ့က Star Awards စာနယ်ဇင်းပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ ယောကျ်ားလေးတော်တော်များများရဲ့ စိတ်က အချိုကြိုက်တယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အချိုကျွေးနေရင်၊ ချိုချိုသာသာလေးပြောနေရင်တောင် အဲဒီနောက်ကို ပါသွားတတ်တဲ့သူမျိုးတွေ များတဲ့အခါကျတော့ ကိုယ်က ဒေါသထွက်လာရင် အုန်းကနဲထပြီး ပေါက်ကွဲတတ်တဲ့ အကျင့်ကို ပြင်ရမယ်။ ကိုယ်တကယ်စိုးရိမ်ပူပန်မှု၊ အကြင်နာတရားတွေကို ထုတ်ပြတတ်ရမယ်။ ဒါမှလည်း မြဲမှာပေါ့နော်။ အဲဒီလိုမျိုးလေးတော့ ရလိုက်တယ်။ ဒါလည်း ဗဟုသုတအနေနဲ့ ပြောပြတာပါ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြထားပါတယ်။

Photo: Chue Lay

ပြီးခဲ့တဲ့ အချစ်ဟောင်းနဲ့ အတိတ်တွေကိုလည်း လွမ်းမိတာမျိုး ရှိတယ်လို့ ခြူးလေးက ပြောပါတယ်။ အတိတ်ဟောင်းက အချစ်ရေးနဲ့ ပတ်သက်တဲ့ လက်ရှိခံစားချက်ကိုလည်း ပွင့်ပွင့်လင်းလင်းရင်ဖွင့်ခဲ့ပါသေးတယ်။

‘’ဒီနေရာလေးမှာ သွားတာလာတာတွေဒီလိုလေးတော့ ရှိပါလား ဆိုတာတွေ ပြန်တွေးမိရင်တောင် အငြိမ်ပဲ။ ကိုယ့်ရဲ့အတိတ်ပေါ့နော်၊ အရင်က ဖြစ်ခဲ့တာလေးပါလား ဒီလောက်ပဲပေါ့နော်။ ပြန်လည်တမ်းတ၊ သတိရလွမ်းဆွေးတာတွေ ဘာမှ မရှိတော့ဘူး။ အေးအေးဆေးဆေးပဲ’’ လို့ သူကဆိုပါတယ်။

Photo: Chue Lay

ခြူးလေးဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။



က္က