ပိုက်ဆံ အမြဲစုဖြစ်တယ်။
Sabal Thwin

ဝိုင်းစုခိုင်သိန်းဟာ ငယ်စဉ်ကတည်းက ပိုက်ဆံ စုတတ်တဲ့ သူမရဲ့ အလေ့အကျင့်လေးတွေကို အခုလို ပြောပြလာပါတယ်။ 

ဝိုင်းစုခိုင်သိန်း ကတော့ ငွေကြေးစုဆောင်းတတ်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပါပဲ။ ပိုက်ဆံတွေ စုတဲ့အခါမှာလည်း ကိုယ့်အတွက် ကျန်ရှိနေမယ့် အရာတွေကို ဝယ်နိုင်ဖို့ ရည်ရွယ်ပြီး စုတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အစ်မမှာ ပိုက်ဆံရှိရင် လက်ဝတ်လက်စား ဝယ်လိုက်တာမျိုး၊ အိမ်တွေ ၊ ခြံတွေ ဝယ်မယ်ဆိုရင်လည်း စုထားတာ ဖယ်ထားပြီး ဝယ်လိုက်တာမျိုး။ အစ်မအတွက် တစ်ခုခု ကျန်ခဲ့မယ့် အရာတွေကို ဝယ်တာများတယ်။ ခြံ ဆိုရင်လည်း ဈေးသက်သက်သာသာနဲ့ရမယ်ဆိုရင် ဝယ်လိုက်တယ်။ ဒါဆိုရင် မပျောက်ပျက်သွားဘူး။ အစ်မ အပင်စိုက်ချင်လည်း စိုက်လို့ရတယ်၊ အိမ်ဆောက်ချင်လည်း ဆောက်လို့ရတယ်ပေါ့နော်။ တစ်ခါတည်း ဝယ်လိုက်တာတော့ မဟုတ်ဘူး။ အရစ်ကျနဲ့ ဝယ်တာ။ အဲဒီဟာကို ပေးရမယ် ဆိုတဲ့ စိတ်နဲ့ အစ်မရဲ့ ကိုယ်ပိုင် အသုံးစာရိတ်ကို လျှော့ရတာပဲ” လို့ သူက ပြောပါတယ်။ 

Photo: Wine Su

သူမဟာ အသက်အရွယ်ရလာတဲ့ အချိန်မှာ ပုံမှန်ဝင်ငွေလေး တစ်ခု အမြဲရှိနေချင်တာလို့ ပြောပါတယ်။ သူဌေး တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ပြီး ပိုက်ဆံ စုတာမျိုး မဟုတ်ဘူးလို့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။ 

“ သူဌေးကတော့ မဖြစ်ချင်ပါဘူး။ အစ်မစိတ်ထဲမှာ တစ်လ တစ်လ အစ်မရဲ့ အသုံး စာရိတ်နဲ့ အစ်မ မိဘတွေအတွက် အသုံးစာရိတ် လောက်မယ်၊ အစ်မ အတွက် အသုံးစာရိတ် လောက်မယ်ဆိုရင် ရပြီ။ တစ်လကို အေးအေးဆေးဆေး စားနိုင်သောက်နိုင်၊ ခရီးသွားချင်တာ သွားလို့ရမယ် ဆိုတာလောက် ရှိရင် ရပြီ။ အစ်မ စိတ်ပူနေတာ အဲဒါပဲ။ အသက်ကြီးလာရင်လည်း ပင်ပင်ပန်းပန်းကြီး မလုပ်ချင်ဘူး။ အသက် ၄၀၊ ၅၀ လောက်မှာ တစ်လ တစ်လကို ပုံမှန်လေး ဝင်ငွေရှိနေဖို့လိုတယ်။ အဲဒီအတွက် စိတ်ပူတာ” လို့ သူကဆိုပါတယ်။ ပိုက်ဆံ စုတတ်တဲ့ အကျင့်က ငယ်ငယ်ကတည်းက ရှိတာလို့လည်း ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

Photo: Khun

စုလို့ ရတဲ့ ပိုက်ဆံတွေကို မိခင်နဲ့ အဘွားအတွက် အဝတ်အစားလေးတွေ ဝယ်ပြီး ကန်တော့ခဲ့ဖူးတဲ့ အမှတ်တရကိုလည်း သူက ပြောပြခဲ့ပြန်ပါသေးတယ်။

 “ ငယ်ငယ်တုန်းကဆိုရင် အစ်မကို အိမ်က တစ်နေ့မုန့်ဖိုး ၅၀၀ ပေးတယ်။ ကျောင်းမှာ မုန့် မစားပဲ ပိုက်ဆံစုတယ်။ အဲဒီအချိန်တုန်းက တစ်သောင်းခွဲလောက်ရတဲ့အထိ စုပြီးတော့ အမေ နဲ့ ဘွားဘွားကို အင်္ကျၤီတွေ ဝယ်ပေးပြီး ကန်တော့တယ်။ တစ်ခါတလေကျရင် စုကြေးရတယ် ရတဲ့ ပိုက်ဆံကို အမေနဲ့ အဘွားကို ပြန်ဝယ်ပေးတတ်တယ်။ နောင်ကျရင် တစ်ခုခုဖြစ်သွားတဲ့အခါ ငါက ဒီစုတဲ့အထဲက ထုတ်ပေးမှာ အဲဒီအတွက် ဒီပိုက်ဆံကို မထိနဲ့ မရဘူး အစ်မအကျင့်က အဲဒီလို” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Khun

ဝိုင်းစုခိုင်သိန်းဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ၊ ပြတ်စာ၊ နွားကျောင်းသူ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က