Sabal Thwin

ထက်ထက်မိုးဦးဟာ တစ်ချိန်တုန်းက အနုပညာအလုပ်တွေ တစိုက်မတ်မတ်လုပ်ခဲ့ရတဲ့ အချိန်တွေကို သတိရမိတယ်လို့ ပြောပါတယ်။ အခုချိန်မှာတော့ အငယ်တွေ အတွက် နေရာဖယ်ပေးရတာ သဘာဝပါပဲတဲ့။

သရုပ်ဆောင် ထက်ထက်မိုးဦးကိုတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်တွေ့ရလေ့မရှိတော့ပါဘူး။ ဒါကြောင့်လည်း တစ်ချိန်တုန်းက အနုပညာအလုပ်တွေ လုပ်ခွင့်ရခဲ့တဲ့ အမှတ်တရတွေကို သတိရမိတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ ဒီလိုပါပဲ အသက်ကြီးရင်တော့ ကိုယ့်ထက် ငယ်တဲ့လူတွေလာရင် နေရာဖယ်ပေးရတာ ဒါဟာ သဘာဝပဲလေ။ အစ်မတို့ ငယ်ငယ်တုန်းကဆိုရင်လည်း အစ်မတို့ကို နေရာဖယ်ပေးခဲ့ရတဲ့ အကြီးတွေလည်းရှိတာပဲလေ။ အဲဒီအပေါ် စိတ်ထဲမှာ ဘာမှ မဖြစ်ပေမယ့် ငယ်ငယ်တုန်းက အမှတ်တရတွေကိုတော့ အမြဲတမ်း စကားကြုံတိုင်း ပြောမိတယ်၊ သတိရမိတယ်။ ပျော်စရာကောင်းပါတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၈ ရက်နေ့က 119 ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Htet Htet Moe Oo Page

သူမဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မကြာခဏ ခွဲစိတ်မှုတွေ ပြုလုပ်နေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့ အချိန်မှာတော့ အလုပ်တွေ ကြိုးစားရဦးမယ်လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

‘’စိတ်မပူပါနဲ့ ကိုယ်ကတော့ ခဏခဏ နှလုံးခွဲလိုက်၊ လည်ပင်းခွဲလိုက်၊ ဗိုက်ခွဲလိုက်ဆိုတော့ ကိုယ့်အတွက်ကတော့ ဘာမှ သိပ်မထူးဆန်းတော့ဘူး။ ကြောက်တော့ ကြောက်တာပေါ့နော်။ ဒါပေမယ့် နာလည်း နာတယ် ခဏပါပဲ။ ပြီးတော့လည်း အလုပ်ပြန်ကြိုးစားရမှာပေါ့။ ဒီအလုပ်ကို လုပ်ချင်တော့ စိတ်ကူးနဲ့ရူးခဲ့ရတယ်’’လို့ သူကဆိုပါတယ်။

Photo: Amazing Grace

ထက်ထက်မိုးဦးက သူဝါသနာပါတဲ့ အနုပညာအလုပ်ကို လုပ်ခွင့်ရခဲ့တာကြောင့်လည်း အရမ်းပီတိဖြစ်တယ်လို့ဆိုပါတယ်။ ဒီအလုပ်က ရတဲ့ အနုပညာကြေးနဲ့ မိသားစုကို လုပ်ကျွေးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

‘’ငယ်ငယ်တုန်းက ကိုယ်လုပ်ချင်ခဲ့တဲ့ အလုပ်ကိုလည်း တကယ်တမ်း လုပ်ခွင့်ရတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း တကယ်ဖြစ်လာတဲ့အတွက် အလုပ်ကို ပိုပြီးတော့ ကြိုးစားဖြစ်တယ်၊ ပိုလုပ်ဖြစ်တယ်။ ပိုက်ဆံလည်းရတယ်၊ အလှူအတန်းတွေလည်း လုပ်ရတယ်၊ ကိုယ့် မိဘတွေ၊ မောင်နှမတွေကို လုပ်ကျွေးခွင့်ရတဲ့အတွက် အစစအရာရာ ဝမ်းသာပါတယ်’’ လို့ သူက ဆိုပါတယ်။

Photo: Htet Htet Moe Oo Page

သူမဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

သူမဟာ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က