ဝေဖန်လာမှုတွေရှိတဲ့အပေါ် စိတ်မကောင်းဖြစ်လို့နေပါတယ်။
Sabal Thwin

လူကြမ်းသရုပ်ဆောင် အောင်ခိုင်ဟာ ကိုလူချောအဖွဲ့ဝင်တွေ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင် မမှားစေချင်ဘူးလို့ဆိုပါတယ်။ ကိုလူချောအဖွဲ့ကို ပြင်းပြင်းထန်ထန်ဝေဖန်လာတဲ့အပေါ်မှာလည်း စိတ်မကောင်းဘူးလို့ ပြောပါတယ်။

Photo: Aung Khine

လူကြမ်းသရုပ်ဆောင် တစ်ယောက်လည်းဖြစ်၊ ကိုလူချောဥက္ကဌ တစ်ယောက်လည်းဖြစ်တဲ့ ဦးအောင်ခိုင်က အဖွဲ့နဲ့ပတ်သက်ပြီး သူ့ရင်ထဲကစကားတွေကို ဖွင့်ဟပြောလာပါတယ်။ ကျန်ခဲ့တဲ့ နှစ်တွေက ဖြစ်ရပ်တွေကိုလည်း သူတကယ် မသိခဲ့ဖူးလို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ဦးအောင်ခိုင်က ဒီအဖွဲ့ကို ဦးဆောင်ခဲ့တာ ၈ နှစ် ၉ နှစ်ထဲကိုရောက်ခဲ့ပြီ။ ဒါပေမယ့် ဒီအဖွဲ့ကို စတင်ထူထောင်တာကတော့ ဘဘဦးစံတင်ဖြစ်တယ်လို့ သိရတယ်။ ကျန်ခဲ့တဲ့ ၁၇ နှစ် ၁၈ နှစ်က အကြောင်းတွေကို ဦးအောင်ခိုင် မသိဘူး။ ဒါပေမယ့် ကိုလူချောအဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တယ်ဆိုတဲ့ ခေါင်းစည်းနဲ့တပ်လာတော့ စိတ်ထဲတော့ မကောင်းဘူးပေါ့’’ ဆိုပြီးတော့ သြဂုတ်လ ၁၆ ရက်နေ့ ညက ‘’အထက်တန်းစား’’ရုပ်ရှင်ဇာတ်ကား အထူးပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Aung Khine

ဒါပေမယ့်လည်း ဦးအောင်ခိုင်ဟာ ကိုလူချောအဖွဲ့ဝင်အချင်းချင်း အထင်သေးစေမယ့် စကားအသုံးအနှုန်းတွေ မပြောဆိုကြစေဖို့ကိုလည်း ထပ်မံ တောင်းဆိုလာပြန်ပါသေးတယ်။

‘’ဦးအောင်ခိုင်ဒီအဖွဲ့ကို ဦးဆောင်တဲ့အချိန်မှာ အသက်ကြီး လူကြမ်းကြီးတွေကို ဦးအောင်ခိုင် ဘယ်တော့မှ ပစ်မထားခဲ့ဘူး။ ကိစ္စတစ်ခုရှိပြီဆို သူတို့အတွက် အမြဲတမ်းစဉ်းစားတယ်။ ဘေးကနေပြီးတော့ ပုဂ္ဂိုလ်ရေးအရ အလှူရှင်လာပြီဆိုရင်လည်း ပထမဦးဆုံး ဘဘ ဦးစံတင်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘဘဦးဌေးဝင်း၊ အဖေကြီး ဦးဝင်းမြင့်၊ ပြီးသွားတော့ ကိုလူချောအဖွဲ့ထဲတော့ မဝင်ဘူး။ ဒါပေမယ့် လူကြမ်းသရုပ်ဆောင်လုပ်ခဲ့တဲ့ ဦးစိန်သန်း ဒီပုဂ္ဂိုလ်ကြီးတွေကို ဦးထိပ်မှာ ပန်ဆင်ခဲ့တယ်။ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတဲ့ အသက် ၆၅ နှစ်အထက် လူကြမ်းသရုပ်ဆောင်ကြီးများ သက်ကြီးပူဇော်ပွဲကို ဦးအောင်ခိုင်လက်ထပ်မှာ လုပ်ခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်မလွဲမှားအောင် စကားလုံး အသုံးအနှုန်းကို ညှင်ညှင်သာသာလေးဖြစ်အောင် ’’ လို့ဆိုပါတယ်။

Photo: Aung Khine

လက်ရှိမှာ ဦးအောင်ခိုင်ဦးဆောင်တဲ့ ကိုလူချောအဖွဲ့ အတွက် ရန်ပုံငွေ ခိုင်မာမှုရှိစေဖို့ကိုလည်း ကြိုးစားခဲ့ရတဲ့ အကြောင်းတွေ ပြောပြလာပါသေးတယ်။ ဒီရန်ပုံငွေဟာ နာမကျန်းဖြစ်နေကြတဲ့ ကိုလူချောအဖွဲ့ဝင်တွေကို ကျန်းမာရေးထောက်ပံ့ငွေ ပေးတဲ့ ရန်ပုံငွေပဲ ဖြစ်ပါတယ်။

‘’ ကိုလူချောအဖွဲ့ကို စပြီးတော့ တာဝန်ယူတဲ့အချိန်မှာ ကိုလူချောအဖွဲ့ရဲ့ ရန်ပုံငွေက ၁၅ သိန်းပဲရှိပါသေးတယ်။ ဒီအဖွဲ့ကို ဦးဆောင်ခဲ့တယ်၊ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို အကူအညီတောင်းခံခဲ့တယ် မရှက်ပါဘူး၊ အဖွဲ့အတွက်ပဲ အဓိကပါ ကိုယ့်အတွက်တောင် အခုချိန်မှာ တစ်ပြားတစ်ချပ်တောင် မတောင်းပါဘူး’’ လို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။ 

Photo: Aung Khine

ဦးအောင်ခိုင်(Aung Khine)ဟာ လက်ရှိမှာလည်း ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာလည်း အမှုဆောင် တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူဟာ ''ငရဲသား'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ အနုပညာသက်တမ်းတွေကလည်း နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးလောက်ရှိပါပြီ။


ဆက်စပ်အကြောင်းအရာများ


က္က