နာမည်ကျော်အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဖားကန့်မှာရှိတဲ့ ရေမဆေးလုပ်သားတွေရဲ့ ဘဝဖြစ်ရပ်မှန်တွေကို ရိုက်ကူးပုံဖော်ထားတဲ့ ‘’လောဘနွံ’’ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အန္တရာယ်တွေကြားကနေ ရိုက်ကူးခဲ့ကြတာဖြစ်တဲ့အကြောင်းကို ပါဝင်ထားတဲ့ အနုပညာရှင်တွေက ပြောပြထားပါတယ်။

လောဘနွံ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို ဇွန်လ ၁၉ ရက်နေ့ညက Juncity City မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဖားကန့်မှာ အလုပ်လုပ်နေကြတဲ့ ရေမဆေးလုပ်သားတွေရဲ့ ဘဝကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်လူမင်းကလည်း သူ့ရဲ့ ကာရိုက်တာကို မီဒီယာတွေကနေတဆင့် မိတ်ဆက်ပြောပြခဲ့ပါတယ်။

‘’ အစ်ကို့ ကာရိုက်တာကတော့ ဗီလိန်ပါပဲ။ ဗီလိန်ဆိုတာက ဖားကန့်မှာ အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း ထင်ဟပ်ထားတဲ့ ဗီလိန်ပေါ့။ အစ်ကိုကတော့ သူဌေးတစ်ယောက်နေရာက သရုပ်ဆောင်ထားတယ်’’ လို့ ဆိုပါတယ်။

အဲဒီနောက် ‘’လောဘနွံ’’ရုပ်ရှင်ဇာတ်ကားကြီး ဟာ တကယ့် ဖြစ်ရပ်မှန်တွေ ပါဝင်တယ်ဆိုတာကိုလည်း ဘုဏ်းသိုက်က ပြောပြခဲ့ပါတယ်။ ရိုက်ကူးရေး လုပ်နေစဉ်အချိန်မှာလည်း မမေ့နိုင်စရာ အမှတ်တရတွေ ရှိခဲ့ပါတယ်တဲ့။

‘’ ကျွန်တော်သွားရိုက်တဲ့အချိန်မှာ ရေမဆေးသမားတွေနဲ့ ဒီက ကုမ္မဏီတွေနဲ့ ဇာတ်ကားထဲမှာလည်း ပါတယ် ဒါ တကယ့် အဖြစ်အပျက်ကို ထည့်ရိုက်ထားတာပေါ့နော်။ ဒီထဲမှာ ဂိုထောင်တစ်ခု မီးလောင်တဲ့ မြင်ကွင်းတစ်ခုပါတယ် ဒီဟာဆိုလည်း တကယ့်အဖြစ်အပျက်ကို ရိုက်တာ။ ကျွန်တော်တို့ရိုက်တဲ့ ဝေခါမော် မှာပဲ ကျွန်တော်တို့ရိုက်ပြီးတော့ မြေပြိုတယ်။ လူ ၈ ယောက်လားမသိဘူး ဆုံးသွားတယ်’’  ဆိုပြီးတော့ ဇွန်လ ၁၉ ရက်နေ့က ‘’ လောဘနွံ’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: လောဘနွံ Facebook Page

ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အေးမြတ်သူကလည်း ‘’လောဘနွံ’’ရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသစေချင်တယ်လို့ ဆိုပါတယ်။

‘’ အေးမြတ်သူရဲ့ စိတ်ထဲမှာတော့ ဒီဇာတ်ကားကို နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ သွားပြစေချင်တယ်။ တကယ်ဘဝပေါ့။ ဖားကန့်မှာရှိတဲ့ ရေမဆေးသမားတွေရဲ့ တကယ့်ဖြစ်ရပ်မှန်ဘဝတွေကို ခံစားမိတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

အဲဒီနောက် ‘’လောဘနွံ’’ရုပ်ရှင်ဇာတ်ကားကြီးကို ကိုယ်တိုင် ဒါရိုက်တာအဖြစ်ပုံဖော်ရိုက်ကူးခဲ့တဲ့  JZဒေါင်လွဏ်း ရဲ့ စကားသံကိုလည်း အခုလိုပြောပြလာပါတယ်။ အန္တရာယ်တွေကြားက ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။

‘’ကျွန်တော်တို့ သွားရိုက်တဲ့ အချိန်တုန်းကဆိုရင် တော်တော်လေးကို နယ်မြေရှုပ်ထွေးတဲ့ အချိန်ဖြစ်နေတယ်။ ပြီးရင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်တဲ့အချိန်ရှိတယ်။ နောက်တစ်ခုက ကုမ္မဏီလုပ်ကွက်က တကယ်တူးနေတဲ့အခါကျတော့ ဘယ်အချိန်မှာ ရေမဆေးအဖွဲ့တွေနဲ့ ကုမ္မဏီတွေ ပြဿနာထတက်မလဲ။ ကုမ္မဏီသမားတွေ အချင်းချင်း ဘယ်အချိန်ပြဿနာထတက်မလဲဆိုတဲ့ အခြေအနေမျိုးမှာ သွားရိုက်ရတာဖြစ်တဲ့အတွက် ဇာတ်ကားတစ်ကားပြီးဖို့ထက် နယ်မြေအေးချမ်းဖို့ကို စိတ်ပူနေရတယ်။ သရုပ်ဆောင်တွေကိုလည်း ကျွန်တော်က တာဝန်ယူပြီးခေါ်သွားရတာဖြစ်တဲ့အတွက် သူတု့ိရဲ့ လုံခြုံရေးကအစ တော်တော်လေး စိတ်ပူပြီးရိုက်ခဲ့ရပါတယ်’’ လို့ သူကပြောပါတယ်။

‘’လောဘနွံ’’ ရုပ်ရှင်ဇာတ်ကားကြီးုကိုတော့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ JZ ဒေါင်လွဏ်းက ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားတာပါ။ အကယ်ဒမီလူမင်း၊ ခင်လှိုင်၊ JZ ဒေါင်လွဏ်း၊ ဘုဏ်းသိုက်၊ မင်းထက်၊ ဇော်ဒွဲခေါင်၊ အကယ်ဒမီအေးမြတ်သူ၊ NT ဆိုင်းနွယ်၊ Pဂျာဆိုင်းဘူ၊ ဇိန်ဟန်ကိုင်လန် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Share

Loading Next Article...
က္က