ပထမဆုံးအကြိမ်ပါတဲ့။

ဒါရိုက်တာ မောင်မျိုးမင်း ( ရင်တွင်းဖြစ်)က ဒီနှစ်မွေးနေ့ကို ပရိသတ်တွေနဲ့အတူ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ ဒီနှစ်မွေးနေ့ကတော့ သူ့ဘဝအတွက် အမှတ်တရအရှိဆုံး မွေးနေ့တစ်ခုပါလို့ ဆိုပါတယ်။

 

ဒီနေ့(ဇွန်လ၂၀ရက်)နေ့က ဒါရိုက်တာ မောင်မျိုးမင်းရဲ့ အသက်(၅၆)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ဟာ သူ့အတွက်မွေးနေ့၊ မွေးရက် တိုက်တဲ့ နှစ်တစ်နှစ် ဖြစ်သလို ထူူးခြားတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူရဲ့ မွေးနေ့မှာ သူရိုက်ကူးထားတဲ့ “နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ရုံတင်ပြသခွင့်ရပါသေးတယ်။


“ရုပ်ရှင်ဇာတ်ကားတွေက တစ်သက်လုံး သောကြာနေ့မှာ ရုံတင်ခဲ့ကြတာပါ။ ဒီလိုမျိုးကြာသပတေးနေ့မှာ ရုံတင်တယ်ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ ပြောင်းလိုက်တာ။ ပြီးတော့ အဲဒီကြာသပတေးနေ့ဟာလည်း ဇွန်လ(၂၀) ရက်ကျဖို့ တော်တော်ခက်ခဲပါတယ်။အဲဒါကိုမှ ကျွန်တော်ရိုက်တဲ့ ဇာတ်ကားက ရုံတင်ဖြစ်ခဲ့တယ်။ ဆိုတော့ ဒီနှစ်မွေးနေ့ ထူးထူးခြားခြား တိုက်ဆိုင်တာပါ” လို့ ဇွန်လ(၂၀) ရက်နေ့က ဦးမျိုးမင်းက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။




မွေးနေ့ရောက်တိုင်း အနုပညာအဖွဲ့သားတွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မွေးနေ့ကို ဖြတ်သန်းဖူးခဲ့ပေမယ့် အခုလို ပရိသတ်တွေနဲ့အတူ ဖြတ်သန်းဖြစ်တာ ပထမဆုံးဖြစ်တယ်လို့ မောင်မျိုးမင်းက ပြောပါတယ် ။

“ပရိသတ်တွေနဲ့အတူ ဖြတ်သန်းခွင့်တာ ဒါပထမဆုံးပါပဲ။ ပရိသတ်တွေဆီက မနက်ကတည်းက လာစောင့်နေတာဆိုတဲ့ အသံလေးတွေနဲ့ အားပေးတယ်ဆိုတဲ့ အသံတွေကြားရတာ ပီတိဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်တော့်အတွက် အမှတ်တရအဖြစ်ဆုံး ၂ခုရှိတယ်။ ပရိသတ်တွေဆီက စကားသံနဲ့ သမီးကြီးဆီက စာလေးတစ်စောင်ပါ။ အဲ့ဒါလေးက ကျွန်တော်အတွက် အမှတ်တရအရှိဆုံးပါပဲ” လို့ ဆိုပါတယ်။

မောင်မျိုးမင်းဟာ ဒီနေ့မွေးနေ့မှာ “နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကို လာရောက်ကြည့်ရှုကြတဲ့ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ တာမွေမြို့နယ်မှာရှိတဲ့ Mega Ace ရုပ်ရှင်ရုံမှာ ဇာတ်ကားလာကြည့်တဲ့ ပရိသတ်တွေနဲ့ Junction City မှာ ဇာတ်ကားလာကြည့်တဲ့ ပရိသတ်တွေနဲ့အတူ မွေးနေ့ကိတ်ခွဲကာ မွေးနေ့ကို ဖြတ်သန်းခဲ့တာပါ။ ဒီနေ့(ဇွန်လ၂၀) ရက်နေ့ ညနေ (၆း၀၀)နာရီမှာလည်း အနုပညာမောင်နှတွေနဲ့အတူ ရန်ကုန်မြို့ ဆာကူရာတာဝါမှာ မွေးနေ့ပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။

မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးထားတဲ့ “နှစ်ပတ်အလို” အလို ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒီနေ့(ဇွန်၂၀ရက်)ကစပြီး ရုံတင်ပြသလျက်ရှိပါတယ်။ ယင်းဇာတ်ကားထဲမှာ ပြေတီဦး၊ မင်းဦး၊ကျော်ကျော်ဗို၊ ရဲအောင်၊ ဝတ်မှုံရွှေရည်၊ အေးမြတ်သူ၊ မျိုးသန္တာထွန်းနဲ့ချိုပြုံးတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က