အပြောင်းအလဲတွေတော့ ဖြစ်လာမှာပါ။

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ဟာ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီ အကဲဖြတ်အဖွဲ့ဝင်တွေအဖြစ် ရန်အောင်၊ လွင်မိုးနဲ့ မေသန်းနုတို့ကို ကမ်းလှမ်းထားခဲ့တယ်လို့ ဆိုပါတယ်။ လာမယ့် အကယ်ဒမီ ပေးပွဲမှာတော့ ပြောင်းလဲမှုတွေ မြင်တွေ့ရမှာပါလို့ ပြောပါတယ်။ 

၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင်ဇာတ်ကားများရွေးချယ် အကဲဖြတ်ရေးမှာတော့ လွင်မိုး၊ ရန်အောင်နဲ့ မေသန်းနုတို့ ပါဝင်လာမယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ကိုလွင်မိုးရယ်၊ ကိုရန်အောင်ရယ်၊ မေသန်းနုရယ် ကို အကူအညီတောင်းထားတယ်။ ဘာကြောင့်လဲဆိုတော့ လူကြီးတွေပဲ ဖြစ်ဖြစ်နေလို့။ သူတို့ကလည်း ကူညီပါ့မယ်လို့ ကတိပေးထားတယ်။ လူငယ်တွေက လုပ်ပါဆိုတော့လည်း မလုပ်နိုင်ဘူး ဘာကြောင့်လဲဆိုတော့ သူတို့ ဇာတ်ကားတွေလည်း ပါနေတာကို။ CGI စနစ်တို့ဘာတို့ နားလည်တဲ့လူတွေပေါ့ လူငယ်တွေကို အထူးဆုပေးဖို့ လာလုပ်ပေးပါဆို ဘယ်သူမှ မလုပ်ပေးနိုင်ဘူး’’ လို့ သူကဆိုပါတယ်။

Photo:Myanmar Academy

အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ဒီတစ်ခါမှာတော့ သေသေချာချာလေး စိစစ်ရွေးချယ် သွားမယ်လို့လည်း ဒါရိုက်တာ ညီညီထွန်းလွင်က နိုဝင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အစည်းအရုံး ကထိန်မှာ ပြောပြခဲ့တာပါ။

‘’ကိုလွင်မိုး၊ ကိုရန်အောင်၊ မေသန်းနု တို့ကတော့ လူလတ်ပိုင်းတွေပေါ့။ ကျွန်တော်တို့ အကယ်ဒမီ အဖွဲ့မှာကလည်း အဖိုးကြီးတွေ၊ အဘွားကြီးတွေပဲ ဖြစ်နေတာပေါ့။အဲဒီမှာ ခေတ်မမီတာတို့၊ ခေတ်အမြင်မရှိတာတို့ဆိုတဲ့ ပြဿနာတွေရှိတယ်။ ဒါက နှစ်တိုင်းပဲ။ ဘာပဲပြောပြော ဒီနှစ်တော့ အပြောင်းအလဲလေးဖြစ်မယ်။ မနှစ်ကလည်း တော်တော်လေး အဆဲခံထားရတော့လေ။ ကျွန်တော်လည်း အဆဲခံဖို့ ပြင်ဆင်ထားရတာပေါ့’’ လို့ ပြောပါတယ်။

Photo: Lwin Moe , May Than Nu. Yan Aung

ဒါရိုက်တာ ညီညီထွန်းလွင်ကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က စပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကို တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်လောကသားတွေရဲ့ အကျိုးကို သယ်ပိုးနိုင်မယ့် သူတစ်ယောက် အဖြစ် မြင်တွေ့ချင်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ပေးထားကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းကြီးကို မတ်လ(၈) ရက်နေ့၊၁၉၄၆ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာပါ။ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌ သက်တမ်းမှာ(၂)နှစ် ဖြစ်ပြီး တာဝန်မပြီးဆုံးခင်ကာလမှာ အနုပညာလောကသားများ အားလုံးစုပေါင်းပြီး ရွေးကောက်ပွဲ ပြုလုပ်ကာ ဥက္ကဌအသစ်တင်မြှောက်လေ့ရှိပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က