loading...

loading...

loading...

မမှန်းထားပဲ ရမယ်ဆိုရင် အရမ်းပျော်မှာပါ။
Sabal Thwin

အကယ်ဒမီ ဆန်ခါတင်စာရင်းထဲမှာ ဇာတ်ကား (၅) ကားပါဝင်လာတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ အကယ်ဒမီ ရင်ခုန်သံတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: We Love Eaindra Kyaw Zin

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲ အပေါ် သူမရဲ့ ရင်ခုန်သံကို အခုလို ပြောပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အိန္ဒြာကျော်ဇင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အပေါ် ပရိသတ်အားပေးမှုတွေ ရခဲ့တာကြောင့်လည်း ကျေနပ်ပီတိဖြစ်နေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

“အကယ်ဒမီက ကိုယ့်ရင်ခုန်သံထက် ကိုယ့်ပရိသတ်တွေက ပိုပြီးတော့ရင်ခုန်သံ မြန်နေတယ်။ အစ်မကတော့ နှစ်တိုင်း ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေကို ကြိုးစားပြီးတော့ရိုက်ခဲ့တာပါပဲ အဲဒါကို ပရိသတ်တွေက အရမ်းအားပေးကြတယ်။ ဒါနဲ့တင် ကျေနပ်နေပါပြီ။ အကယ်ဒမီက အရမ်းလည်း နတ်ကြီးတယ်ဆို တော့ မျှော်လင့်တိုင်းလည်း ရချင်မှ ရတာဆိုတော့ မမှန်းပဲနဲ့ ရခဲ့တာဆိုရင်တော့ အကောင်းဆုံးပဲပေါ့နော်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က “ ရွာဇော်ကြီး” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ဆောင်ဆု တွေကို ဘယ်အနုပညာရှင်တွေက ဆွတ်ခူးနိုင်မလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားလို့နေကြပါတယ်။ ဆန်ခါတင် ဇာတ်ကား ၂၉ ကားထွက်ရှိလာတဲ့ အချိန်မှာတော့ သူတို့အားပေးတဲ့ အနုပညာရှင်တွေ ဆုရဖို့အတွက် ဝန်းရံမှုတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။ ဆန်ခါတင် စာရင်းထဲမှာမှ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း (၅) ကားပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားတွေကတော့ ဟစ်တိုင် ၊ ကျွန်မချစ်သော ယောက်ျားသုံးယောက်၊ Box No.88 ၊ ရူးအောင်ချစ်မယ့်သူ ၊ ရိုးမပေါ်ကျတဲ့ မျက်ရည် စတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ဒီဇာတ်ကားတွေထဲကမှ ပရိသတ်တွေက သူမကို “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးဆု ရရှိဖို့ မျှော်လင့်ထားကြပါတယ်။ ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားထဲမှာ ဒေါင်းနီ ကာရိုက်တာအဖြစ် အိန္ဒြာကျော်ဇင်က ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ဒေါင်းနီဟာ သမီးဖြစ်သူကို မုဒိန်းကျင့်ပြီးသတ်ခဲ့တဲ့ လူတစ်စုကြောင့် အပေါ် အငြိုးတွေ ကြီးမားခဲ့သူ အဖြစ် သူမရဲ့ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တာပါ။

အိန္ဒြာကျော်ဇင်ကလည်း ပရိသတ်တွေ ခန့်မှန်းပေးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ သူမကိုယ်တိုင် အများကြီး ကြိုးစားခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အကယ်ဒမီဆုရဖို့ မမျှော်လင့်ရဲသေးတဲ့ အကြောင်းကိုလည်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။ 

“ တစ်ကားနဲ့ တစ်ကားက ပုံစံတွေလည်း မတူဘူး။ ကာရိုက်တာအတွက်ဈာန်ဝင်ရတဲ့ ခံစားချက်တွေကလည်း လုံးဝကို မတူတာ။ ဒီဇာတ်ကားတွေကလည်း အစ်မအနေနဲ့ တော်တော်လေးကို အားစိုက်ထုတ်ခဲ့ရတဲ့ ဇာတ်ကားတွေလို့ ပြောလို့ရတယ်။ အကယ်ဒမီရရင်တော့ အရမ်းပျော်မှာပေါ့။ ဒါပေမယ့် အရမ်းပွပြီး အရမ်းတွေပြောရင်လည်း မတူအောင်လို့ လွှဲပြီးလို့ပေးချလိုက်ရင်လည်း ဖြစ်တတ်တယ်လေ။ ဒါကြောင့် ပရိသတ်တွေကို အရမ်းမထင်ကြဖို့ အရမ်းမပြောကြဖို့ အစ်မကတော့ ပြောထားတာပေါ့” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 


အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းမှာလည်း အိန္ဒြာကျော်ဇင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေပါဝင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က