လူငယ်တွေအတွက် ဂုဏ်ယူမဆုံးပါဘူးတဲ့။

နာရေးကူညီမှုအသင်းမှာ အလောင်းသယ်တဲ့အလုပ်ဟာ ကောင်းတဲ့ အလုပ်တစ်ခုဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။ လူငယ်တွေကိုယ်တိုင်ကလည်း ပရဟိတ စိတ်နဲ့ ပါဝင်လာတဲ့အတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

Photo: နာရေးကူညီမှုအသင်း



ဦးကျော်သူဟာ နာရေးကူညီမှုအသင်းမှာ လုပ်အားပေးအဖြစ် ပါဝင်လာတဲ့ အနုပညာရှင်တွေအတွက် အရမ်းဂုဏ်ယူတယ်လို့ဆိုပါတယ်။ ဒါဟာ ကောင်းတဲ့ အလုပ်တစ်ခုကို သူတို့ လုပ်တာ ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အောင်မြင်ပြီးတော့ နာမည်ရလာတဲ့ အနုပညာသမားတွေက အနိမ့်ကျဆုံး အသုဘချတဲ့အလုပ်မှာ အလောင်းလိုက်ထမ်းတယ်ဆိုတာ အင်မတန်ကို ကောင်းတဲ့အလုပ်။ ဒါကို ကျွန်တော်တို့က ကြိုဆိုတယ်။ ဂုဏ်လည်းယူတယ်။ သူတို့လို အသက်အရွယ်တုန်းကဆိုရင် ဒီလောက်မလုပ်နိုင်ခဲ့ဘူး။ သူတို့ လုပ်လာတဲ့အပေါ်မှာ ကျွန်တော်တို့က လက်ကမ်းကြိုရမှာ’’ လို့ ဆိုပါတယ်။

Photo: နာရေးကူညီမှုအသင်း

နာရေးကူညီမှု အသင်းနဲ့ အတူ ပရဟိတအလုပ်တွေ၊ ဈာပနအလုပ်တွေကို ဝိုင်းဝန်းကူညီပေးကြတဲ့ အနုပညာရှင်တွေ၊ စေတနာရှင်တွေကိုလည်း ဦးကျော်သူက အမြဲတမ်း မေတ္တာပို့ ဆုတောင်းပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

‘’ ကျွန်တော်ကတော့ အမြဲတမ်း သာဓု ခေါ်နေတာပါပဲ။ ညဘက် ဘုရားရှိခိုးရင်လည်း သာဓုခေါ်တယ်၊ မနက်ပိုင်း ဘုရားရှိခိုးရင်လည်း သာဓုခေါ်တယ်။ ဒါကတော့ ကောင်းတဲ့အလုပ်ဖြစ်တဲ့အတွက် သာဓုခေါ်ပေးတယ်၊ မေတ္တာပို့ပေးတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်အောင်၊ ကြည်ညိုနိုင်အောင် အရင်လုပ်ဖို့ အရေးကြီးတယ်။ ဟန်ဆောင်ပြီးတော့ လုပ်တာမျိုး မဖြစ်သင့်ဘူး’’ ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့က ဦးစိုင်းမျိုးဝင်း မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: နာရေးကူညီမှုအသင်း

ပရဟိတသမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချဖို့ အဓိက လိုအပ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။

‘’ အဓိက ကတော့ ကိုယ့်ကိုယ်ကိုယ် မလိမ်ဖို့အရေးကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် လိမ်တာ အဆိုးဆုံးပဲ။ ကိုယ့်ကိုယ်ကိုယ် မလိမ်ဘဲနဲ့ ဒီအလုပ်ကို နက်နက်ရှိုင်းရှိုင်းထဲထဲဝင်ဝင် အနစ်နာခံပြီးတော့ လုပ်တယ်ဆိုတာမှ တကယ်လုပ်တာ။ ဒါမှ ပရဟိတသစ္စာဆိုတာ ဆိုလို့ရတာ။ ပရဟိတ သစ္စာဆိုနိုင်ပြီဆိုရင် ဒါက အားလုံးပြီးတာပဲ’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ၁၉၉၄ခုနှစ်မှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို ''အမေ့နို့ဖိုး'' ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။၂၀၀၇ခုနှစ်နောက်ပိုင်းမှာ အနုပညာအလုပ်တွေရပ်နားခဲ့ပြီး နာရေးကူညီမှုအသင်း နဲ့ အတူ နောက်ထပ် ပရဟိတ လုပ်ငန်းများစွာကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ အခုချိန်မှာတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က