သားသမီးလိုချစ်ရတဲ့ သားလေးရဲ့ သူငယ်ချင်းတွေကြောင့်လည်း ပျော်ရပါတယ်တဲ့။

အေးအေးခိုင်ကတော့ သူမရဲ့မွေးနေ့မှာ သားလေးနဲ့ အတူ သူမကိုချစ်တဲ့ သားလေးရဲ့ သူငယ်ချင်းတွေက လုပ်ပေးတဲ့ Surprise ကြောင့် အရမ်းပျော်နေမိတယ်လို့ဆိုပါတယ်။ 

Photo: Aye Aye Khine



မေလ(၂၉) ရက်နေ့ကတော့ ဇာတ်ပို့သရုပ်ဆောင် အေးအေးခိုင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ Covid ကာလမှာ စိတ်ဓာတ်ကျနေမိတဲ့ သူမကို ပြည်ပမှာရှိတဲ့ သားလေးနဲ့ သူငယ်ချင်းတွေကလုပ်ပေးတဲ့ မွေးနေ့ အမှတ်တရ ကြောင့် အရမ်းပျော်နေရတယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

“ အခုပဲ သားရဲ့ သူငယ်ချင်းတွေက ကိတ်မုန့်နဲ့ ပန်းစည်းနဲ့ လာပေးကြတယ်။ သားကိုလည်း Video Call ခါ်ပြီးတော့ လုပ်ပေးကြရှာတယ်။ ခြံအရှေ့မှာ ကိတ်မုန့် နဲ့ ပန်းစည်းနဲ့ ကိုင်ပြီး စောင့်နေကြတာ။ ဖုန်းလည်း မဆက်ကြဘူး။ကိုယ့်တစ်သက်မှာ တစ်ခါမှ မကြုံဖူးပါဘူးကွယ်” လို့ သူက ဆိုပါတယ်။ 

Photo: Aye Aye Khine

အေးအေးခိုင်ရဲ့ တစ်ဦးတည်းသော သားလေး ဉာဏ်သွေးဟန်က ပြည်ပမှာ နေထိုင်တာဖြစ်ပြီး မိခင်အတွက် ဗီဒီယိုဖိုင် တစ်ခုချင်းစီလုပ်ပြီး မွေးနေ့ဆုတောင်းစကားတွေပြောပေးခဲ့တာ တွေ့ရပါတယ်။ သားလေးကြောင့် မွေးနေ့မှာ အရမ်းပီတိဖြစ်ရတယ်လို့ အေးအေးခိုင်က ပြောပါတယ်။ 

“ မနက်စောစောစီးစီး သားသားက မေမေ့ကို Birthday wish လာလုပ်ရော။ ဒီအချိန်မှာ အကုန်လုံးက စိတ်ဓာတ်ကျနေတဲ့အချိန်ဆိုတော့ ကိုယ့်သားလေးလည်း မွေးနေ့ကို မေ့နေမှာပဲပေါ့။ ဘယ်သူ့ကိုမှလည်း မပြောဖြစ်ဘူး။ ဒီတစ်ခါတော့ အရမ်းခံစားရတယ်၊ တကယ်ကို စိတ်ညစ်သွားတယ်။ မနက်က အိမ်မှာ ဘုရားရှိခိုးပြီး ထမင်းဟင်းချက်နေတဲ့အချိန်မှာ သားသားက Birthday wish လုပ်ပေးတဲ့အပြင် သူ့ သူငယ်ချင်းတွေကလည်း ဗီဒီယိုဖိုင်လေးတွေနဲ့ Birthday သီချင်းလေးတွေဆိုပြတော့ ဘယ်လို ပီတိဖြစ်သွားမှန်းကို မသိဘူး။ သားသားရဲ့ သူငယ်ချင်းတွေကလည်း ကိုယ့်အတွက် သားတွေ၊ သမီးတွေလိုပဲ” လို့ သူကဆိုပါတယ်။ 

Photo: Aye Aye Khine

အေးအေးခိုင်ဟာ ၂၀၁၉ ခုနှစ်တုန်းက မွေးနေ့အမှတ်တရလေးကိုပဲ ပြန်လွမ်းနေမိပါတယ်တဲ့။ အဝေးမှာနေတဲ့ အစ်ကို၊ အစ်မတွေကလည်း မွေးနေ့ဆုတောင်းစကားတွေ ပြောပေးခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။ 

“ မနှစ်က သားသားဆီမှာဆိုတော့ အစ်မ အရမ်းပျော်တယ်လေ။ အစ်မရဲ့ အစ်မတွေကလည်း Birthday wish လုပ်ပေးကြတယ်။ အဲဒါလေးကို ကိုယ်က လွမ်းနေတာ။ မနှစ်ကဆိုရင် ငါ့သားလေး၊ ငါ့တူလေးတွေ နဲ့ ဟိုမှာ ပျော်နေရတယ်ပေါ့နော်။ ဒီအပျော် ပြန်မရဘူးပေါ့။ အခုကျတော့ အစ်မရဲ့ သားရယ်၊ အစ်မရဲ့ အစ်မရယ်၊ အစ်ကိုရယ်အကုန်လုံးက သြစတေးလျမှာဆိုတော့ သူတို့တွေက ဟိုကနေ Birthday Wish လှမ်းလုပ်ပေးကြတယ်။ အဝေးကမောင်နှမတွေက ကိုယ့်ကိုမမေ့ကြတဲ့ အတွက် အရမ်းပီတိဖြစ်ရတယ်။ အရမ်းပျော်ရပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Aye Aye Khine

အေးအေးခိုင်ကတော့ ဟာသသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေမှာပါဝင်ပြီး ပရိသတ်အားပေးမှု စတင်ရရှိလာခဲ့သူပါ။ သူ့မှာတော့ ဉာဏ်သွေးဟန် ဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သားလေး ၆ နှစ်အရွယ်ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မိခင်တစ်ယောက်တည်း အင်အားနဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့လည်း သိရပါတယ်။ သားဖြစ်သူ ဉာဏ်သွေးဟန်ကလည်း ပညာရေးမှာ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က