COVID-19 ရောဂါလည်း မြန်မြန်ကင်းဝေးပါစေလို့ ဆုတောင်းတယ်။

ကိုကိုဦးကတော့ လက်ရှိမှာ မိသားစုစားဝတ်နေရေးကို သားလေးက ဖြေရှင်းနေတယ်ဆိုတာကို အခုလိုပြောပြလာပါတယ်။ 

သရုပ်ဆောင် ကိုကိုဦးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ရတော့ဘူးလို့ ပြောပါတယ်။ အခုအခြေအနေမှာလည်း သားဖြစ်သူ သီဟအောင်ရဲ့ အနုပညာကြေးတွေနဲ့ မိသားစု စားဝတ်နေရေး ဖြေရှင်းနေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ အခုချိန်မှာ ရတာလေး၊ ရှိတာလေးနဲ့ ခြွေတာ စားနေရတာပါ။ ဒီရောဂါကြီးလည်း မြန်မြန်ကင်းဝေးပါစေ ဆုတောင်းတယ်။ ဒီရောဂါကြီးက ရေရှည် ဒီလိုပဲ သွားနေမယ်ဆိုရင် ကျွန်တော်တို့ ရပ်တည်ဖို့က မလွယ်ဘူး။ ဒါကြောင့် မြန်မြန်လေး ပြီးဆုံးပါစေလို့ပဲ ဆုတောင်းတယ်။ လက်ရှိမှာလည်း သားလေးရဲ့ ကြော်ငြာရိုက်ထားတဲ့ ပိုက်ဆံလေးတွေနဲ့ စားနေရတာပါ။ ကျွန်တော့်ဝင်ငွေကလည်း မရှိပါဘူး” လို့ ဆိုပါတယ်။ 

လက်ရှိမှာလည်း COVID -19 ကြောင့် အနုပညာသမားတွေလည်း ရိုက်ကူးရေးတွေ ရပ်နားထားရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အလုပ်တွေ နားလိုက်ရတဲ့ ဝန်ထမ်းတွေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ကိုကိုဦးက ပြောပါတယ်။ 

“ အခုချိန်မှာ အလုပ်ရုံတွေ၊ စက်ရုံတွေ ပိတ်တဲ့အတွက် အောက်ခြေလူတန်းစားတွေလည်း တော်တော်လေးကို ဒုက္ခရောက်နေကြတာ တွေ့ရပါတယ်။ အဓိက ကတော့ ဘာသာရေးလေးသာ လုပ်ပါ။ ဘုရားတရားလုပ် မြန်မာပြည်မှာ မငတ်ပါဘူး။ မြန်မာလူမျိုးတွေက စိတ်စေတနာကောင်းမွန်ကြတော့ ဒုက္ခရောက်နေတဲ့ သူတွေအပေါ် ကူညီမယ့် သူတွေ ပေါ်လာမှာပါ” ဆိုပြီးတော့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အလှူကိုလာရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

ကိုကိုဦးကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုတွေရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ လူကြမ်းသရုပ်ဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်ရတဲ့ ကာရိုက်တာတိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ အမုန်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သားဖြစ်သူ သီဟအောင်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြိုမောင် တစ်ဦးအနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က