သရုပ်ဆောင်လည်း လုပ်ဦးမှာနော်။
Sabal Thwin

အုပ်စိုးခန့်ဟာ အရင်တုန်းကထက် ပိုပြီး အနုပညာအလုပ်တွေ လုပ်နေရတဲ့အပေါ် ပျော်နေပြီလို့ ဆိုပါတယ်။ မကြာခင်မှာလည်း မိုရီဆာကီဝင်း၊ နေခြည်ဦး တို့နဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးတော့မယ်လို့ သိရပါတယ်။

Photo: Amazing Grace

အုပ်စိုးခန့်ကတော့ အခုဆိုရင် ဂီတအပိုင်းမှာသာမက သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ပါ ဇာတ်လမ်းတွဲရိုက်ကူးတော့မှာဖြစ်ပါတယ်။ အရင်တုန်းကထက် အလုပ်တွေ ပိုလုပ်နေရပြီလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဒီလထဲမှာလား လကုန်လောက်လားတော့ မသိဘူး ဇာတ်လမ်းတွဲရိုက်တော့မယ်။ ပြီးတော့ သီချင်းအသစ်တွေလည်း လုပ်နေရတာပေါ့နော်။ အရင်တုန်းကထက်တော့ အလုပ်တွေ ပိုရှုပ်လာတယ်။ အခုဆို အားတဲ့အချိန်က ညဘက်ပဲရှိတော့တာ။ ပင်ပန်းတယ်ဆိုတာတော့ သိတယ်၊ ကျွန်တော်က ဒီအလုပ်လုပ်နေရရင်ပျော်တဲ့အတွက် ပင်ပန်းတယ်ဆိုတာ မရှိတော့ဘူးပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

အုပ်စိုးခန့်က မကြာခင်မှာ သရုပ်ဆောင် မိုရီဆာကီဝင်း၊ နေခြည်ဦး တို့နဲ့ အတူ ‘’အိပ်မက်တွေမိုးထားတဲ့ အိမ်’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို ရိုက်ကူးရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ၊ နေခြည်ဦး၊ မေနွယ်ထွန်း၊ ရွှေရင်အေး၊ သဲနန္ဒာစိုး၊ ဝမ်ဝမ်း နဲ့ ကေညီတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: Amazing Grace

အဲဒီနောက် အောက်တိုဘာလ အတွင်းမှာ မွေးနေ့ကျရောက်မယ့် မိခင်ဖြစ်သူနဲ့ အစ်မ အတွက်ကိုလည်း အုပ်စိုးခန့်က သူ့ရဲ့ အနုပညာကြေးနဲ့ အလှူအတန်းတွေ လုပ်ပေးသွားမယ်လို့ဆိုပါတယ်။

‘’ သီတင်းကျွတ်မှာကတော့ ၂၅ ရက်နေ့က မေမေ နဲ့ မမ မွေးနေ့လေ။ အဲဒီတော့ သူတို့ နှစ်ယောက်အတွက် အလှူလုပ်ပေးရင် ကောင်းမလားလို့ပေါ့။ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကျွန်တော့်ပိုက်ဆံ ၁၀ သိန်းပဲဖြစ်ဖြစ်၊ သိန်း ၂၀ လောက်ဖြစ်ဖြစ် မေမေ့ နာမည်နဲ့ မမ နာမည်နဲ့ အလှူလုပ်ပေးချင်တယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့က ပတ္တမြားFM ၁၀ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Oaksoe Khant

အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုယ်ပိုင်သီချင်းများစွာလည်း သီဆိုခဲ့ဖူးသူပါ။ ပရိသတ်တွေ ပိုပြီးသတိထားမိစေခဲ့တာကတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ရိုက်ကူးထားတဲ့ ‘’တန်ခူးမေ’’ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ချစ်နေပြီ’’ ဆိုတဲ့ Album လေးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


က္က