အမေနဲ့ အဖေက သူတို့အနားမှာ နေစေချင်ကြတာ။
Sabal Thwin

ထက်ယံကတော့ သူ့ကို အနားမှာရှိစေချင်တဲ့ မိဘနှစ်ပါးကို အချိန်အများကြီးပေးနိုင်အောင် ကြိုးစားမယ်လို့ဆိုပါတယ်။ အရင်တုန်းက အလုပ်တွေ ဖိလုပ်ခဲ့ရတဲ့ အချိန်တွေအတွက် မိဘနှစ်ပါးကို ပိုအချိန်ပေးမယ်လို့သူကပြောပါတယ်။

Photo: Htet Yan

ထက်ယံကတော့ ရန်ကုန်မှာ အနုပညာအလုပ်တွေ လုပ်နေရပေမယ့် မိတ္ထီလာက မိဘတွေဆီကို ပြန်ဖြစ်တဲ့ အချိန်တွေ သိပ်မရှိခဲ့ဘူးလို့ဆိုပါတယ်။ သူ့ရဲ့ မိဘတွေကတော့ ထက်ယံကို အနားမှာပဲ အမြဲရှိစေချင်ကြတယ်ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ မိသားစုကတော့ အဓိက က ကျွန်တော့်ကို တွေ့ချင်တယ်။ သူတို့ အနားမှာ နေစေချင်တယ်။ သူတို့နဲ့ အတူတူ ထမင်းတွေ စားစေချင်တယ်။ သူတို့နဲ့ အတူတူ အိပ်စေချင်တယ် ဒါပါပဲ။ မိဘကတော့ အများကြီး မမျှော်လင့်ပါဘူး။ ကျွန်တော်ကသာ အချိန်မပေးနိုင်တာပေါ့။ ပေးနိုင်တဲ့ အချိန်ကျတော့ မိဘအနားမှာ နေပေးပါတယ်။ အဓိက ကတော့ သူတို့အနားမှာ ကျွန်တော့်ကို ရှိစေချင်ကြတာပါ’’လို့ ဆိုပါတယ်။

Photo: Htet Yan

သူကိုယ်တိုင်ကလည်း အသက်အရွယ်ကြီးလာတာနဲ့ အမျှ မိဘတွေကို ပိုပြီးတော့ နားလည်လာတယ်လို့ ထက်ယံက ပြောပါတယ်။ မိသားစုကို အရင်တုန်းကထက် ပိုပြီးတော့ အချိန်ပေးချင်တယ်ဆိုပြီးတော့ သြဂုတ်လ ၂၇ ရက်နေ့က ‘’ဆုံဆည်းခွင့်’’ရုပ်သံဇာတ်လမ်းတွဲကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ အသက်တွေကလည်းကြီးလာပြီလေ။ ကျွန်တော်တို့ကလည်း အလုပ်ကိုပဲ ဖိလုပ်နေတာကိုး တစ်ခါတလေကျရင်ကျွန်တော်တို့က အတ္တဆန်တယ်၊ ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်နေမိခဲ့တယ်။ ကျွန်တော်ထင်ခဲ့တာက မိဘကို ပိုက်ဆံအများကြီးပေးနိုင်မှ၊ ငါ ဘယ်လောက်အထိ အောင်မြင်နေပြီကွလို့ ပြောမှ သူတို့တွေ ပျော်မယ်ထင်တာ မဟုတ်ပါဘူး။ မိသားစုကို နွေးနွေးထွေးထွေးဖြစ်အောင် အနားမှာ နေသွားမှာပါ’’ လို့ သူကပြောပါတယ်။

Photo: Htet Yan

အဆိုတော်မဖြစ်ခင်က ဂီတနဲ့ ပတ်သက်ပြီး ဝါသနာအစ ကြိုးစားခဲ့ရတဲ့အချိန်မှာတော့ သူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်တွေရဲ့ ရယ်တာကို ခံခဲ့ရဖူးတယ်လို့ဆိုပါတယ်။ အခုဆိုရင်တော့ ထက်ယံက လူငယ်တွေအကြိုက် အဆိုတော် တစ်ဦးဖြစ်လို့လာပြီလို့လည်းဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ကျွန်တော်က အိမ်မှာ အငယ်ဆုံးပါပဲ။ မိသားစု အပေါ်မှာလည်း ကလေးလိုပဲ နေလာခဲ့တာ။ ရုပ်ရှင်ရိုက်တော့မယ်ဆိုတော့ အဖေတို့၊ အမေတို့က ပျော်နေကြတယ်။ အရင်တုန်းကတော့ ကျွန်တော် ဘာလုပ်နေလဲ မေးရင် သီချင်းသွားဆိုနေတယ်ပေါ့။ အဲဒီအခါကျရင် သူငယ်ချင်းတွေက ခွီချင်ကြတယ်ပေါ့။ အခုကျတော့ မင်း ဘာလုပ်နေလဲ မမေးတော့ဘူး။ ပြန်လာပြီလား ဘာညာပေါ့။ အမေတို့ပြောသလိုပေါ့ ဂုဏ်ယူရတယ်’’ ဆိုပြီးတော့လည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Htet Yan

ထက်ယံ(Htet Yan)ကိုတော့ အချစ်သီချင်း မြူးမြူးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ဂီတနဲ့ပတ်သက်ပြီး သီချင်းတွေရေး၊ သီချင်းတွေဆိုရင်းကနေမှတဆင့် အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူပါ။ မကြာသေးခင်က သူကိုယ်တိုင်ရေးသားပြီး သီဆိုထားတဲ့ ‘’နွေးသွားတယ်’’ ဆိုတဲ့ သီချင်းလေးကလည်း ဆယ်ကျော်သက် လူငယ်လေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာကို တွေ့ရပါတယ်။ အများအားဖြင့် ထက်ယံက သူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ သီချင်းတွေနဲ့ အောင်မြင်နေတဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ


က္က