ကိုယ် အရမ်းရင်းနှီးတဲ့ လူတစ်ယောက်ကို အရမ်းကို စိတ်နာသွားခဲ့ရတယ်။
Sabal Thwin

အိန်ဂျယ်လမုန်က အရင်းနှီးဆုံးသူတစ်ယောက်ရဲ့ နောက်ကျော ဓားနဲ့ထိုးခဲ့တဲ့ လုပ်ရပ်ကြောင့် စိတ်ဓာတ်တွေ ကျခဲ့ရတယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေလည်း ခဏနားခဲ့လိုက်တယ်လို့ ပြောပါတယ်။ 

Photo: Angel Lamung



ပရိသတ်အခိုင်အမာရရှိပြီးသားဖြစ်တဲ့ သရုပ်ဆောင် အိန်ဂျယ်လမုန်ကတော့ မကြာသေးခင်က အနုပညာအလုပ်တွေ ရပ်နားခဲ့တဲ့အကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။ သူမကိုယ်တိုင်ကလည်း အလုပ်တွေ မလုပ်ချင်တော့လောက်အောင်စိတ်ဓာတ်တွေကျခဲ့ရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“တော်တော်လေးကို စိတ်ဓာတ်ကျသွားတာ တချို့ဆို အိန်ဂျယ့်ကို အနုပညာအလုပ်တွေ မလုပ်တော့ဘူးလားလို့တောင် မေးကြတယ်။ အဲဒီအချိန်ကလည်း အနုပညာအလုပ်မပြောနဲ့ ဘာမှကို လုပ်ချင်စိတ်မရှိတော့တာ။ အနုပညာအလုပ်လည်း မလုပ်ချင်တော့ဘူး။ ကိုယ်ချစ်တဲ့အရာကိုလည်း စွန့်လွှတ်လိုက်ချင်ပြီပေါ့နော်။ ကိုယ်ချစ်တဲ့အရာတွေကို ထားခဲ့လိုက်ချင်ပြီဆိုတဲ့ စိတ်ဖြစ်သွားတယ်။ အဲဒီမှာ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေ၊ မိသားစုတွေနဲ့ သူငယ်ချင်းတွေက ကိုယ့်ကို အားပေးတယ်။ အနုပညာအလုပ်ကို ပြန်လုပ်ဖို့လည်း အားပေးခဲ့ကြတယ်။ ကိုယ်အကောင်းဆုံးကြိုးစားရမယ်ဆိုတဲ့ စိတ်နဲ့ အလုပ်တွေ ပြန်လုပ် ဖြစ်တာပါ” လို့ သူကဆိုပါတယ်။ 

Photo: Angel Lamung

စိတ်ဓာတ်ကျခဲ့ရတဲ့ အကြောင်းအရင်းကလည်း သူမအတွက်တော့ ကြီးမားတဲ့အရာတစ်ခုပဲလို့ အိန်ဂျယ်လမုန်က ပြောပါတယ်။ အရမ်းရင်းနှီးခဲ့ရသူတစ်ယောက်ဖြစ်လို့လည်း လုံးဝ ခွင့်မလွှတ်ပေးနိုင်လောက်အောင် စိတ်နာသွားခဲ့ရတယ်လို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က “အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ ဖြစ်သွားတဲ့ ကိစ္စကလည်း အရမ်းကြီးမားသလားဆိုတော့လည်း ကြီးမားတယ်လို့ပြောရမှာပေါ့။ ကိုယ်မထင်ထားတဲ့ လူတစ်ယောက်က ကိုယ့်နောက်ကျောကို ဓားနဲ့ ထိုးသွားတာပေါ့နော်။ လုံးဝကို စိတ်နာသွားရလောက်တဲ့အထိပါပဲ။ အိန်ဂျယ်က တော်ရုံမမုန်းတတ်ဘူး။ လုံးဝ ခွင့်လွှတ်ပေးလို့မရလောက်တဲ့ အထိပါ။ တွေ့ရင်သာ အပြုံးလေးနဲ့ ဆက်ဆံလို့ရတယ်။ စိတ်ထဲမှာတော့ လုံးဝခွင့်မလွှတ်ပေးနိုင်ဘူး။ သူနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ မရှိပါဘူး” လို့ သူကဆိုပါတယ်။ 

Photo: Angel Lamung

အိန်ဂျယ်လမုန်ဟာ သူမအပေါ် မကောင်းတဲ့ အပြုအမူလုပ်ခဲ့တဲ့ သူအတွက် စိတ်မကောင်းဖြစ်မယ့်အစား အလုပ်တွေကိုပဲ သေသေချာချာ လုပ်သွားတော့မယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ အရမ်းချစ်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေ ဖြစ်တာကြောင့်လည်း တော်တော်စိတ်နာမိခဲ့တယ်လို့ ပြောပါတယ်။ 

“ အချစ်ရေးကိစ္စ သီးသန့်ကြီးလည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ သူငယ်ချင်းတွေထဲက ကိုယ့်ကို အဲဒီလို လုပ်သွားတယ်ဆိုတော့လည်း ရင်ထုမနာပေါ့နော်။ အဓိက က ပြဿနာက ဝမ်းနည်းတာ၊ အရမ်းဝမ်းနည်းတာ များသွားကတည်းက စိတ်ပါနာသွားတာ။ လောကကြီးနဲ့လည်း အဆက်အသွယ်ပြတ်သွားပြီး သူတို့တွေနဲ့လည်း မဆက်ဆံချင်တော့ဘူး ဆိုတဲ့အထိအောင် ဖြစ်သွားတာ” လို့ ဆိုပါတယ်။ 

Photo: Angel Lamung

အိန်ဂျယ်လမုန်ကတော့ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ TV ကြော်ငြာတွေ အများကြီးရိုက်ကူးခဲ့တာတွေ့ရပါတယ်။ အသားဖြူဖြူ ၊ အရပ်မြင့်မြင့်၊ ဆံပင်ရှည်ရှည်လေးနဲ့ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံစံလေးကတော့ မိန်းကလေးပရိသတ်တွေရော၊ ယောကျ်ားလေး ပရိသတ်တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ ဆွဲဆောင်မှု တစ်ခုပါပဲ။ အဲဒီနောက် သူမက ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာစပြီး ရုံတင်ပြသမယ့် "အချစ်ဖြင့် လွမ်းစေ" ရုပ်ရှင်ကားကြီးထဲမှာလည်း အိန်ဂျယ်လမုန်က ပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က