မိခင်ဖြစ်သူကို စိတ်ချမ်းသာအောင် ထားတယ်။

ဖြိုးမြတ်အောင်ကတော့ မိခင်ဖြစ်သူရဲ့ စိတ်နေစိတ်ထားလေးတွေကို အခုလို ပြောပြလာပါတယ်။ 

ဖြိုးမြတ်အောင်ဟာ မိခင်ရဲ့ ဆုံးမသွန်သင်မှုတွေကို ပြန်လည် မျှဝေခဲ့ပါတယ်။ ချုပ်ခြယ်တဲ့ မိခင်မဟုတ်တာ ကြောင့်လည်း စိတ်ချမ်းသာရတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 



“ အမေက ကျွန်တော့်ကို မချုပ်ခြယ်ဘူး။ ကျွန်တော် ဘာပဲ လုပ်လုပ် ဟင့်အင်းဆိုတာ မရှိဘူး။ အင်းဆိုတာချည်းပဲ။ ကိုယ်လုပ်ချင်တဲ့ အရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတဲ့ အတွက် စိတ်ချမ်းသာရပါတယ်။ ဒါပေမယ့် အမေဆုံးမ ထားတာတော့ ရှင်းရှင်းလေး သူများပစ္စည်း မခိုးနဲ့၊ သူများကို မဟုတ်တာ မလုပ်နဲ့၊ သူများကို မစော်ကားနဲ့ ကျန်တာ ကြိုက်တာ အကုန် လုပ်လို့ရတယ်” လို့ ဆိုပါတယ်။ 

သားတွေရဲ့ မိခင်ဖြစ်တာကြောင့်လည်း အပေါင်းအသင်းနဲ့ ပတ်သက်လာရင် ကန့်ကွက်ထားတာ မရှိတဲ့အကြောင်းကိုလည်း ဖြိုးမြတ်အောင်က ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ အမေက နည်းပညာခေတ်ကြီးမမီပေမယ့် သားသမီးတွေကို အလိုလိုက်တယ်။ သူငယ်ချင်း အပေါင်းအသင်း ဘယ်နှယောက် လာလာ နင့် သူငယ်ချင်းကတော့ ဘာပါ ဆိုတာလည်း မပြောဘူး။ အကုန်လုံးကို သူ့ သားသမီးတွေ လိုမျိုး ဆက်ဆံတယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း ကိုယ့်သူငယ်ချင်းကို အိမ်ခေါ်လာရတဲ့ အခါ မျက်နှာရတယ်လေ။ ကျွန်တော်လည်း အတတ်နိုင်ဆုံး အမေ့ကို စိတ်ချမ်းသာအောင် ထားတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဖြိုးမြတ်အောင်က ဇူလိုင်(၉) ရက်နေ့က မိသားစုနဲ့ အတူတူ မွေးနေ့ အလှူလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မီဒီယာ အင်တာဗျူးတွေကိုလည်း ညီအစ်ကို နှစ်ယောက် အတူတူ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။ သူဟာကိုဗစ်ကာလအတွင်းမှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းအသစ်တွေ ဖန်တီးနေသလို ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်။

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ သူကတော့ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်သလို ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲပြီးကတည်းက အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က