ကစ်ကစ်ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပါတယ်။

ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ သမီးလေး ဇွန်ပြည့်ကတော့ မိခင်ဖြစ်သူနဲ့ သူမရဲ့ ဆက်ဆံရေးက အဆင်ပြေနေပြီလို့ ပြောပါတယ်။ ဆေးရုံပြန်တက်ရတဲ့အချိန်မှာလည်း အနီးကပ်ပြုစုပေးခဲ့ပါသေးတယ်တဲ့။

Photo: Kit Kit



ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ သမီးလေး ဇွန်ပြည့်ကတော့ မိခင်ဖြစ်သူ မကွယ်လွန်ခင်မှာ သူမနဲ့ ဆက်ဆံရေး အခြေအနေတွေကို ရင်ဖွင့်လာပါတယ်။ သားအမိနှစ်ယောက်က ပြေပြေလည်လည်ဖြစ်သွားပြီလို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ မေမေ ဆေးရုံတက်တဲ့အချိန်မှာပဲ မေမေရယ်၊ သမီးရယ်၊ သမီးကောင်လေးရယ် သုံးယောက်စလုံး ပြန်အဆင်ပြေသွားပါပြီ။ အမေကလည်း နေကောင်းရင် ပရိသတ်အထင်လွဲနေတာလေးတွေကို ပြန်ဖြေရှင်းပေးပါ့မယ်လို့ ပြောပါတယ်။ အားလုံးအဆင်ပြေပြီ၊ အားလုံး ပြေလည်သွားပြီလို့ မျှော်လင့်ကာမှပဲ ဒီလို အဖြစ်ဆိုးမျိုးကြုံလိုက်ရတာပါပဲ” လို့ သူကပြောပါတယ်။

Photo: Kit Kit

မိခင်ဖြစ်သူ ဆေးရုံတက်နေရတဲ့အချိန်မှာလည်း ဘေးနားမှာ ပြုစုပေးခဲ့တယ်လို့ ဇွန်ပြည့်က ပြောပါတယ်။ သူမကိုလည်း အမေက အားပေးစကားတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။

“ မေမေ ဆေးရုံတက်နေတဲ့အချိန်မှာလည်း တစ်ညလုံး သမီးတစ်ယောက်ပဲ စောင့်ရတာပါ။ ပျော်ပျော်ရွှင်ရွှင်ရယ်ရယ်မောမော ဖြစ်နေကြတာပေါ့။ မေမေက သမီးကိုတောင် စနေပါသေးတယ်။ ပြီးတော့ သမီးအကြောင်းကို ရင်ဖွင့်တဲ့အချိန်မှာ အမေက သမီးလေးရဲ့ ဘဝမှာ အမေရယ်၊ သမီးကောင်လေးရယ် ရှိသေးတယ်တဲ့။ ဘာမှ အားမငယ်နဲ့လို့ အားပေးခဲ့တယ်။ နောင်ဘဝမှာ အမေ ဒီလိုအဖြစ်ဆိုးမျိုးမကြုံအောင် သမီးဆုတောင်းပေးပါ့မယ်” လို့ ဆိုပါတယ်။

Photo: Kit Kit

ဇွန်ပြည့်ဟာ မိခင်ဖြစ်သူ ကစ်ကစ်ရဲ့ ဆုံးမ စကားတွေကို ပြန်လည် ကြားယောင်နေတယ်လို့ ဆိုပါတယ်။ သူမဟာ အခုဆိုရင် မိခင်ကို ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။

“ အမေကတော့ အမြဲတမ်းပြောပါတယ် လိမ်လိမ်မာမာနေပေါ့။ ဘဝကို အကောင်းဆုံးဖြတ်သန်းပါလို့ မှာခဲ့ပါတယ်။ အခု သမီးက ယုဇနဥယျာဉ်မြို့တော်မှာနေပါတယ်။ အမေ မရှိတော့ဘူးဆိုတော့ ရှေ့ဆက်ရမယ့် ဖြတ်သန်းမှုတွေအတွက် လောလောဆယ်မှာ ဘာမှတော့ မပြောနိုင်သေးပါဘူး” ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက မိခင်ဖြစ်သူ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ဈာပနအလုပ်တွေလုပ်နေချိန်မှာ ဖြေဆိုခဲ့တာပါ။

Photo: Kit Kit

ဟာသ သရုပ်ဆောင် ကစ်ကစ်ကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀နာရီ မိနစ် ၄၀ အချိန်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ် နှစ်စပိုင်းကတည်းကနေ ကွယ်လွန်သွား သည်အထိ ကျောက်ကပ်ဝေဒနာကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ကစ်ကစ်က ဟာသသရုပ်ဆောင်တစ်ဦးဖြစ်လို့ သူမရဲ့ ဟာသလေးတွေကို ပရိသတ်တွေက မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ ကွယ်လွန်သွားတဲ့ သတင်းကြောင့်လည်း အနုပညာအသိုင်းအဝိုင်းက မောင်နှမတွေရော၊ ပရိသတ်တွေရောက စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က