မိဘတွေက အိမ်ထောင်ကွဲထားကြတာပါ။

အိမ်ထောင်ကွဲ မိဘတွေရဲ့ကြားမှာ ရှင်သန်ကြီးပြင်းလာခဲ့ရတဲ့ ဟန်လေးက သူမရဲ့ ဘဝဖြတ်သန်းမှုအကြောင်းတွေကို ပြောပြလာပါတယ်။ သူမရဲ့ စိတ်ခံစားချက်ကလည်း အရမ်းကိုများခဲ့တာပါတဲ့။

Photo: Han Lay

သရုပ်ဆောင် ဟန်လေးက သူမကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ မိသားစုဘဝအကြောင်းကို ရင်ဖွင့်ပြောပြလာပါတယ်။ သူမဟာ မိတစ်ကွဲ၊ ဖတစ်ကွဲ ဘဝနဲ့ ရပ်တည်ခဲ့ရတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

‘’ အဖေနဲ့ အမေ ကွဲတဲ့အချိန်မှာ ကိုယ်ဘယ်လောက် ခံစားခဲ့ရသလဲ။ ကိုယ်ခံစားရတာ ကိုယ်ပဲသိတယ်။ အဖေနဲ့ အမေကွဲတဲ့ကြားထဲမှာ ကိုယ်ဘယ်လောက်ခံစားခဲ့ရသလဲ၊ ကိုယ်ဘယ်လောက် ခေါင်းခံခဲ့ရသလဲ၊ အဖေတစ်မျိုး၊ အမေ တစ်မျိုး နေနေတဲ့ကြားမှာ ကိုယ်ဘယ်လောက် ခံစားခဲ့ရသလဲ ဒဏ်ရာတွေ ဘယ်သူ့မှ မသိဘူး’’ ဆိုပြီးတော့ မတ်လ ၁၄ ရက်နေ့က သရုပ်ဆောင်သစ် Zell ရဲ့ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Han Lay

အိမ်ထောင်ကွဲခဲ့ကြတဲ့ မိဘတွေကြောင့်လည်း အသက် ၁၃ နှစ်အရွယ်ရောက်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ခံစားချက်တွေ များခဲ့တယ်လို့ ဟန်လေးက ပြောပါတယ်။

‘’ အဖေနဲ့အမေနဲ့က အိမ်ထောင်ကွဲနေကြတာပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီး ဟန်လေးစိတ်ထဲမှာ ဒဏ်ရာဒဏ်ချက်တော့ ရှိတယ်။ အစွဲအလမ်းပေါ့နော် အဖေနဲ့ အမေက အိမ်ထောင်ကွဲထားတာဆိုတော့ ဟန်လေး အိမ်ထောင်ပြုတဲ့အခါကျရင်လည်း ကိုယ့်မိသားစုကို ကိုယ့်အမေတို့ ဖြတ်သန်းခဲ့သလိုမျိုး အဖြစ်မခံနိုင်ဘူး၊ အိမ်ထောင်ကွဲတာမျိုးတွေလည်း မဖြစ်ချင်ဘူး’’ လို့ ဆိုပါတယ်။

Photo: Han Lay

ဟန်လေးက လက်ရှိမှာတော့ မိခင်ဖြစ်သူရယ်၊ မောင်လေးရယ်နဲ့အတူ နေထိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မိခင်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ သူမရဲ့ ဘဝကို ရပ်တည်လျှက်ရှိတယ်လို့ သိရပါတယ်။

‘’အသက် ၁၄ နှစ်အရွယ်ရောက်တဲ့အချိန်မှာ အမေက အရမ်းလေ့ကျင့်ပေးတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်ယောက်တည်းနေနိုင်အောင်၊ သန်မာအောင် သင်ပေးထားတဲ့အတွက် ဘယ်အရာမဆို တစ်ယောက်တည်း လုပ်နိုင်တယ်၊ ပျော့ညံ့တဲ့ မိန်းကလေးထဲမှာတော့ မပါဘူး’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Han Lay

ဟန်လေးဟာ အနုပညာလောကထဲကို Miss Universe Myanmar 2015 မန္တလေးကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီပွဲမှာ 1st Runner Up ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ သူမက သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ 



က္က