ဝိုင်းစုခိုင်သိန်းနဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။

လိမ္မော်သီးကတော့ ဝိုင်းစုခိုင်သိန်းရဲ့ “ Sun Shine” MTV ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

Photo: Tay Than Thar



ဝိုင်းစုခိုင်သိန်းနဲ့ လိမ္မော်သီးတို့ သရုပ်ဆောင်ထားတဲ့ “Sun Shine” MTV လေးကတော့ မိန်းကလေး နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ပုံစံလေးကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီ MTV ကို ရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း လိမ္မော်သီးက Duwun ကို ပြောပြလာပါတယ်။ 

“ အစ်မက ဒီလို ပုံစံလေးရိုက်ချင်တယ်ဆိုပြီးတော့ ပြောလာတယ်။ တစ်ခါမှလည်း တွဲမရိုက်ဖူးတော့ ရိုက်ဖြစ်သွားတယ်။ ကလောဘက်မှာ သွားရိုက်ကြတာပါ။ ကိုယ်လုပ်ရတဲ့ ပုံစံလေးကိုလည်း စိတ်ဝင်စားတယ်။ အစကတော့ ဟိုနားလျှောက်လိုက်၊ ဒီနားလျှောက်လိုက်နဲ့ပေါ့ နောက်ကျတော့ ဒါရိုက်တာကလည်း နှုတ်ခမ်းလေးပါ နမ်းလိုက်မှ ပိုအဆင်ပြေတာပေါ့ဆိုတာနဲ့ ရိုက်လိုက်တယ်။ အရမ်းရှက်တာမျိုးလည်း မရှိဘူး။ အစ်မ နဲ့ကလည်း ခင်တော့ဘာမှ မဖြစ်ပါဘူး အေးအေးဆေးဆေးပါပဲ” လို့ သူက ဆိုပါတယ်။ 

Photo: Lain Maw Thee

“Sun Shine” MTV ထဲမှာ လိမ္မော်သီးဟာ ယောင်္ကျားလေး ဆန်တဲ့ မိန်းကလေးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းနဲ့ နှုတ်ခမ်းချင်း နမ်းခဲ့တဲ့ အခန်းလေးကလည်း ပရိသတ်တွေ ကြားမှာ ရေပန်းစားခဲ့တာပါ။ ဒီလို LGBT ဆန်ဆန် ပုံဖော်ထားတဲ့ သီချင်းလေးအပေါ်သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

 “ ဒီလိုအရာက တားဆီးလို့ ရတာမျိုးလည်း မဟုတ်ပါဘူး။ သူ့ဘာသာသူ အလိုအလျောက်ဖြစ်လာတယ်။ တခြားနိုင်ငံတွေမှာဆိုလည်း ထောက်ခံတယ်။ အစ်မကိုယ်တိုင်ကလည်း ထောက်ခံပါတယ်။ ဘယ်သူမှတော့ သဘာဝနဲ့ ဆန့်ကျင်ပြီး မဖြစ်ချင်ကြဘူး။ မလိုချင်တဲ့အရာတွေလည်းရှိတယ်။ ဒါပေမယ့် ဖြစ်လာပြီဆိုလည်း ဒါကို လက်ခံနိုင်အောင် ကိုယ်တိုင်ပဲ ကြိုးစားရတာ။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အပေါင်းအသင်းတွေက လက်ခံပေးနိုင်ဖို့ ကြိုးစားရတာ အရမ်းခက်ခဲတယ်။ ဘာပဲဖြစ်ဖြစ် နားလည်ပေးနိုင်ကြတာဟာ အကောင်းဆုံးပဲ” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Lain Maw Thee

လိမ္မော်သီးကိုတော့ Rock သီချင်းလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာအမူအရာအပြင်၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်တို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အသံပါဝါအားကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင် သူမရဲ့ ဂီတသက်တမ်းဟာ ၁၁ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ "လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ"၊ "လူမှန်" ၊ "ဒဏ်ရာနှလုံးသား" စတဲ့ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားပါတယ်။ အခုဆိုရင်တော့ နောက်ထပ် တစ်ကိုယ်တော်ခွေအနေနဲ့ "အသက်ရှင်မယ့်သူ" ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က