ညီမကို ထိခိုက်နစ်နာအောင် လုပ်လို့ အခုလို လုပ်ရတာပါ။

သံစဉ်မောင်ကတော့ သရုပ်ဆောင် နေဒွေးဆီကနေ ထိထိရောက်ရောက် တောင်းပန်လာတာမျိုး မရှိရင် အမှုကို ကျေအေးပေးမှာ မဟုတ်တဲ့အကြောင်းပြောလာပါတယ်။ 

Photo: Than Sin Maung



သံစဉ်မောင်ဟာ နေဒွေးနဲ့ အတူ ဇွန်လ (၈) ရက်နေ့က အွန်လိုင်းမီဒီယာတွေမှာ အင်တာဗျူးတွေ ဖြေဆိုခဲ့တာဟာ Star & Model Agency ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်၊ သူမရဲ့ ဆရာတစ်ဦးလည်းဖြစ်သူ ကိုဂျွန်လွင်က သူတို့နှစ်ဦးစလုံး ပြန်လည်အဆင်ပြေစေဖို့ အတွက် ညှိနှိုင်းပေးခဲ့တာဖြစ်တယ်လို့ သံစဉ်မောင်က Duwun ကိုပြောပါတယ်။ ဒါဟာ လက်ရှိတရားစွဲဆိုထားတဲ့ အမှုကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။ 

“ ဆရာက သူ့ဖေ့စ်ဘွတ်မှာ တင်ထားသလိုပဲ ‘အကြင်နာထွန်းကားရေး’ ဆိုတဲ့သဘောနဲ့ ဖြေရှင်းပေးတာ။ ညီမက ကိုနေဒွေးကို အမှုကြေအေးပေးတာမဟုတ်ပါဘူး။ အမှုကိစ္စနဲ့ပတ်သက်ပြီးတော့ အဖေက ကျေနပ်တာ၊ မကျေနပ်တာရယ်၊ အဖေကရော ဘယ်လို သဘောမျိုးရှိသလဲ ဆိုတာလည်းကြည့်ရသေးတယ်။ အပြင်မှာသာ သူကတောင်းပန်တာ တကယ်တမ်း မီဒီယာမှာကျတော့ ညီမရေ တောင်းပန်ပါတယ် ဒါတွေကို အစ်ကိုမှားခဲ့ပါတယ်ဆိုတာ မရှိဘူး။ သူ့စိတ်နဲ့ သူကိုယ် တောင်းပန်တယ်ဆိုရင် ညီမဘက်က အမှုကျေအေးပေးကောင်း ကျေအေးပေးနိုင်တယ်။ အခုလိုပြောတာက သူတောင်းပန်တာကို ညီမက ခွင့်လွှတ်တာ အမှုကိစ္စတွေကတော့ ဆက်ပြီးတော့ ရှိနေဦးမှာပါပဲ” လို့ ဆိုပါတယ်။ 

 

Photo: Than Sin Maung

နေဒွေးကို တရားစွဲဆိုထားတဲ့ အချိန်မှာလည်း ဝေဖန်မှုတွေ ကြုံတွေ့ရတယ်လို့ သံစဉ်မောင်က ရင်ဖွင့်ပြောပြလာပါသေးတယ်။ အခုလို အမှုဖွင့်ခဲ့တဲ့အပေါ်မှာ နေဒွေးကို ထောင်ကျစေလိုတဲ့ ဆန္ဒ မရှိဘူးလို့လည်း သူက ဆိုပါတယ်။ 

“ ကျွန်တော်မှားရင် ကျွန်တော် တရားရုံးရောက်နေပြီ။ သံစဉ်မောင်ကို တရားပြန်စွဲမယ် ဆိုတဲ့ စကားတွေလည်း ပြောခဲ့ဖူးတယ်။ အခု သူ ညီမကို လာတောင်းပန်တယ်။ ဒါပေမယ့် အခုလို ညီမရဲ့ စိတ် အဆင်ပြေပြေဖြစ်လာဖို့ အချိန်တွေ အများကြီးစောင့်ခဲ့ရတယ်။ လူတွေရဲ့ ရိုက်ခတ်မှုတွေ ညီမ အများကြီး ခံခဲ့ရတာပါ။ အရှင်းဆုံးပြောရရင် သူ့ကိုလည်း ထောင်မကျစေချင်ဘူး၊ အေးချမ်းစေချင်တယ်။ ဒီကိစ္စကြောင့်နဲ့လည်း သူ့ကိုမထိခိုက်စေချင်ပါဘူး။ သူ့ဘက်က ကိုယ့်ကို ထိခိုက်အောင် လုပ်လို့သာ ကိုယ့်ဘက်က ဒီလိုမျိုးလုပ်ရတာပါ။ အမှုက အခုမှ စတာ တရားရုံးကို သူမတက်ရသေးဘူး။ ညီမပဲ တက်ရသေးတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Than Sin Maung

သရုပ်ဆောင် သံစဉ်မောင်ကတော့ သရုပ်ဆောင်နေဒွေးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု ပုဒ်မ(၃၂၃)နဲ့ ရန်ကင်းတရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ တရားစွဲဆို ခဲ့တာပါ။ ဒီအမှုနဲ့ ပတ်သက်ပြီး ကျေအေးပေးနိုင်ဖို့အတွက် ဖခင်ဖြစ်သူနဲ့ ညှိနှိုင်းဖို့လိုအပ်တယ်ဆိုတာကိုလည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

“ အမှုကျေအေးပေးဖို့ဆိုတာက အဖေနဲ့ သူ သေချာ ညှိစေချင်တယ်။ အမှုကိစ္စတွေက အဖေက ပိုသိတယ်။ ညီမက နောက်ကနေပြီးတော့ တရားရုံးမှာ လိုအပ်တယ်ဆိုမှ ရုံးချိန်းသွားတာပါ။ တရားရုံး ခဏခဏ တက်ရတယ်ဆိုတဲ့ အဖြစ်လည်း မဖြစ်ချင်ဘူး။ ညီမကို ထိခိုက်နစ်နာအောင်လုပ်လို့ ညီမမှာလည်း သက်သေ အစုံရှိလို့သာ ရှေ့ဆက်တာပါ။ အမှုကလည်း ညီမရဲ့ မိသားစုဝင်တွေပါ အကုန်ပါလာတဲ့ အတွက်ကြောင့် အဖေ နဲ့ အစ်မပြန်တိုင်ပင်နေပါတယ်။ သူတောင်းပန်တယ်ဆိုတာ နည်းနည်းပေါ့သေးတယ်။ ဒီ့ထက်ပိုပြီး ထိထိရောက်ရောက် တောင်းပန်မယ်ဆိုရင်တော့ ညီမဘက်က ဖြစ်ပျက်ခဲ့ပြီးသား ကိစ္စ အကုန်လုံးအတွက် ခွင့်လွှတ်ပေးလို့ရတယ်။ နစ်နာတာတော့ အရမ်းနစ်နာတယ်။ သူ ဒါတွေလုပ်ခဲ့ပါတယ် ဆိုတာကို သူ့ အသိစိတ်ဓာတ်နဲ့ သူ တောင်းပန်စေချင်တာ။ ယောင်္ကျားတစ်ယောက် အနေနဲ့ သူဝန်ခံတယ်ဆိုရင်တော့ ညီမဘက်က ကြေအေးပေးဖို့က အသင့်ပါပဲ” လို့ သူက ဆိုပါတယ်။ 


Photo: John Lwin

သံစဉ်မောင်ဟာ သရုပ်ဆောင် နေဒွေးနဲ့ ချစ်သူသက်တမ်း ၃ နှစ်အကြာ လက်တွဲလာခဲ့တာဖြစ်ပါတယ်။ ၃ နှစ်အတွင်းမှာလည်း နေဒွေးက ရန်ဖြစ်ကြတဲ့အချိန်တွေဆို သူမကို ရိုက်နှက် နှိပ်စက်လေ့ရှိတယ်လို့ ဆိုပါတယ်။ နေဒွေး နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကိုလည်း ဓာတ်ပုံနဲ့တကွဇန်နဝါရီလ ၁၅ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေ သိအောင် ပြောပြခဲ့ပါတယ်။ သံစဉ်မောင်ကိုတော့ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အပြင် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးနေရသူဖြစ်ပါတယ်။ သံစဉ်မောင်ရဲ့ အနုပညာသက်တမ်းကလည်း ၄ နှစ်ခန့်ကို ရောက်ရှိလို့လာပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က