နေဒွေးဘက်ကလည်း တောင်းပန်လာပါတယ်။
Sabal Thwin

သံစဉ်မောင်ကတော့ ဇွန်လ(၁၁) ရက်နေ့ ရုံးချိန်းကို ရောက်လာရင်း သရုပ်ဆောင် နေဒွေးအား တရားစွဲဆိုထားတဲ့ အမှုကိစ္စ အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

သရုပ်ဆောင် သံစဉ်မောင်ကတော့ ရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင် နေဒွေးအား ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပုဒ်မ(၃၂၃) နဲ့ တာမွေတရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီနေ့(ဇွန်လ ၁၁ ရက်)မှာ ရုံးချိန်းခေါ်ဆိုခဲ့တာကြောင့် တက်ရောက်လာခဲ့တာဖြစ်ပြီး အမှုအခြေအနေကိုလည်း Duwun ကနေ ပြောပြလာပါတယ်။ 

“ ဒီနေ့က (၁၁) ရက်နေ့ ရုံးချိန်းခေါ်လို့သာ လာတာပါ။ ဘာမှတော့ မပြောပါဘူး။ အခုက ဆရာက ကြားကနေပြီးတော့ သမာသမတ်ကျကျနဲ့ဝင်ပြီးတော့ ဖြေရှင်းပေးတဲ့အတွက် ဆရာ့မျက်နှာနဲ့ ခွင့်လွှတ်ပေးလိုက်တာပါ။ အဖေနဲ့လည်း တိုင်ပင်ပြီးပါပြီ။ အဓိက ကတော့ ရုံးချိန်းတွေ ခဏခဏ တက်လို့ရှိရင် ညီမရဲ့ အလုပ်အတွက် အချိန်တွေလည်းကုန်တယ်။ ရုံးချိန်းတက်လာပြီဆိုရင် မီဒီယာတွေပေါ်မှာလည်း ဓာတ်ပုံတွေ တက်လာတဲ့အခါ ညီမအတွက် အဆင်မပြေဘူး။ ဒါကြောင့် ကိစ္စ မြန်မြန်ပြီးသွားအောင် လုပ်လိုက်တယ်ဆိုတဲ့ သဘောပါ” လို့ သူက ဆိုပါတယ်။ 

သံစဉ်မောင်ကိုတော့ သရုပ်ဆောင် နေဒွေးကိုယ်တိုင်တောင်းပန်လာခဲ့တယ်လို့လည်း သိရပါတယ်။ အမှုကိစ္စတွေကိုလည်း သံစဉ်မောင်ဘက်က အမြန်ဆုံး ပြီးစေချင်ပြီလို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

" ဆရာ မပါပဲ တောင်းပန်တယ်ဆိုတာက သူနဲ့ တွေ့တဲ့နေ့မှာ သူမသိလို့ လုပ်မိခဲ့တဲ့အရာတွေ အတွက် ညီမကို တောင်းပန်တယ်။ ရှေ့ဆက်ပြီးတော့လည်း မီဒီယာတွေမှာ မဖြေနဲ့ပေါ့နော် ညီမလည်း မဖြေပါဘူး။ ဒါပေမယ့် ကာယကံရှင်ဖြစ်တဲ့အတွက် စာရွက်မလိုဘူး လက်တန်းပြောနိုင်ပါတယ်။ အမှန်အတိုင်းပြောရရင် ဒီကိစ္စတွေက အမြန်ဆုံးပြီးသွားရင်တော့ အကောင်းဆုံးပေါ့ရှင်" လို့ ဆိုပါတယ်။  

လက်ရှိ အမှုအခြေအနေကိုတော့ ဖခင်ဖြစ်သူက ဆောင်ရွက်ပေးနေတယ်လို့ သံစဉ်မောင်က ပြောပါတယ်။ 

“ အခုချိန်မှာ ညီမရဲ့ အဖေရယ်၊ ဥပဒေအကြံပေးရယ်၊ ရှေ့နေရယ် သုံးယောက်တိုင်ပင်နေပါတယ်။ ဘယ်လို အဖြေထွက်လာမယ်ဆိုတာတော့ မသိရသေးဘူးပေါ့နော်။ အမှု စလုပ်ကတည်းကလည်း ဒီသုံးယောက်ပဲ တိုင်ပင်ခဲ့ကြတာဆိုတော့လေ။တောင်းပန်လာတဲ့ လူတစ်ယောက်ကို ညီမဘက်က ခွင့်လွှတ်ပေးဖို့လည်း ဝန်မလေးပါဘူး” လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

Photo: Nay Dway

သံစဉ်မောင်ဟာ သရုပ်ဆောင် နေဒွေးနဲ့ ချစ်သူသက်တမ်း ၃ နှစ်အကြာ လက်တွဲလာခဲ့တာဖြစ်ပါတယ်။ ၃ နှစ်အတွင်းမှာလည်း နေဒွေးက ရန်ဖြစ်ကြတဲ့အချိန်တွေဆို သူမကို ရိုက်နှက် နှိပ်စက်လေ့ရှိတယ်လို့ ဆိုပါတယ်။ နေဒွေး နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကိုလည်း ဓာတ်ပုံနဲ့တကွဇန်နဝါရီလ ၁၅ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေ သိအောင် ပြောပြခဲ့ပါတယ်။ သံစဉ်မောင်ကိုတော့ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အပြင် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးနေရသူဖြစ်ပါတယ်။ သံစဉ်မောင်ရဲ့ အနုပညာသက်တမ်းကလည်း ၄ နှစ်ခန့်ကို ရောက်ရှိလို့လာပါပြီ။ 




ဆက်စပ်အကြောင်းအရာများ


က္က