တရားလိုဘက်ကိုလည်း ရုံးချိန်းလာစေချင်တယ်။

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာက လက်ရှိရင်ဆိုင်နေရတဲ့ အမှုကို အမြန်ဆုံး အမှန်အတိုင်းဖြစ်စေချင်ပြီလို့ ဆိုလာပါတယ်။ 

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတိုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ (သြဂုတ်လ ၁၉ ရက်)က မြောက်ဥက္ကလာတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ မင်းရာဇာဟာ သူရင်ဆိုင်နေရတဲ့ အမှုကို အမြန်ဆုံးပြီးချင်နေပြီလို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ 



“အမှုကို အမှန်အတိုင်းပေါ်စေချင်တယ်ဆိုရင် အမှုကို အမှန်အတိုင်း ပေါ်ဖို့မြန်မြန်စစ်စေချင်တယ်။ မိန်းမကလည်း ကိုယ်ဝန်နဲ့ဆိုတော့ ကလေးတွေလည်း ဒုက္ခရောက်တယ်၊ မိန်းမကလည်း နေမကောင်းဘူးဗျာ။ တကယ်လို့ အမှန်အတိုင်း သိစေချင်တယ်ဆိုရင် သူတို့ဘက်ကလည်း အမှန်အတိုင်းဖြစ်စေချင်တယ်ဆိုရင် မြန်မြန်လာစေချင်ပါတယ်” လို့ သူကဆိုပါတယ်။ 

မင်းရာဇာရဲ့ ဇနီးဖြစ်သူကတော့ အခုချိန်မှာ တတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတာ ဖြစ်ပြီး ကိုယ်ဝန်(၅) လရှိပြီလို့ သိရပါတယ်။ ကိုယ်ဝန်ကြီးနဲ့ အကျဉ်းကျခံနေရတဲ့ ဇနီးဖြစ်သူကို အာမခံရစေချင်တယ်လို့ မင်းရာဇာက ဆိုပါတယ်။ 

“ ကျွန်တော်တို့ ပိုပြီးတော့ ဒုက္ခရောက်ပါတယ်ခင်ဗျာ။ ကျွန်တော့် မိန်းမကိုတော့ အာမခံရစေချင်ပါတယ်။ အိမ်မှာကလည်း ကျွန်တော်နဲ့ ကျွန်တော့် မိန်းမကိုပဲ မှီခိုပြီးနေရတာဆိုတော့ ကလေးတွေ အရမ်း ဒုက္ခရောက်တာပေါ့ဗျာ" ဆိုပြီးတော့ သြဂုတ်လ(၁၉) ရက်နေ့ ရုံးချိန်းမှာ ပြောခဲ့တာပါ။ 

သရုပ်ဆောင်မင်းရာဇာဟာ ဇူလိုင်လ(၂၂) ရက်နေ့ ရုံးချိန်းတုန်းက တရားလို မိန်းကလေးရဲ့ နာမည်အရင်းကို မီဒီယာတွေ အရှေ့မှာ ထုတ်ဖော်ပြောပြခဲ့ ပါသေးတယ်။ အဲဒီလို ထုတ်ဖော်ပြောဆိုလာတဲ့ အတွက် ၂၀၁၉ ခုနှစ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ တရားလိုဘက်က ရှေ့နေ ဦးရောဘတ်စန်းအောင်က Duwun ကို ပြောပြခဲ့ဖူးပါတယ်။ မြောက်ဥက္ကလာတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းတွေမှာ မင်းရာဇာ ဖြေဆိုခဲ့တဲ့ စကားတိုင်းကို တရားလိုဘက်က မှတ်တမ်းတင်ထားတယ်လို့လည်း သိရပါတယ်။ 

အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရရှိခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က