ကျွန်တော်က ငယ်ငယ်ကတည်းက ဆင်းရဲတဲ့လူပါ။

ခင်လှိုင်ဟာ အနုပညာအလုပ်တွေ လုပ်လာရတဲ့ သားနဲ့သမီးအတွက် စိတ်ချမ်းသာရပြီလို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ငယ်ငယ်က ဆင်းရဲတဲ့သူဖြစ်တာကြောင့် မိသားစုကို တင့်တင့်တယ်တယ်ထားနိုင်ဖို့ အလုပ်ကြိုးစားခဲ့ရတဲ့ အချိန်တွေကို ပြောပြလာပါတယ်။

Photo Khin Hlaing



သရုပ်ဆောင်ခင်လှိုင်ဟာ အနုပညာအလုပ်တွေ လုပ်လာရတဲ့အချိန်မှာ မိသားစုကို လူတန်းစေ့ထားနိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။ သူဟာ ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားကြီးပြင်းလာရသူဖြစ်လို့ သူ့ရဲ့ သားသမီးတွေကိုတော့ ဆင်းဆင်းရဲရဲ မထားချင်တဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ကျွန်တော်က ငယ်ငယ်တုန်းကတည်းက အရမ်းဆင်းရဲခဲ့တဲ့အခါကျတော့ ကျွန်တော့်သားသမီးတွေ အလှည့်ကျရင် လူတန်းစေ့လေး နေနိုင်အောင် ကျွန်တော် ကြိုးစားခဲ့တယ်။ ကျွန်တော့်အမျိုးသမီးတော်တာလည်း ပါပါတယ်။ သူလည်း စုဆောင်းတာပေါ့နော်၊ အလဟသ မသုံးဘူးပေါ့ တစ်လ တစ်လ ကျွန်တော် လှူလည်း လှူပါတယ်။ ကျွန်တော်တို့က မချမ်းသာပါဘူး မိသားစုကို လူတန်းစေ့လေး ထားနိုင်ရုံလောက်တည်ဆောက်ခဲ့တယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၆ ရက်နေ့က ခေါ်သံ ရုပ်ရှင်ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo Khin Hlaing

လက်ရှိမှာလည်း ခင်လှိုင်က အရင်ကလို ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့သူ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အနုပညာအလုပ်တွေ လုပ်နေရပြီဖြစ်တဲ့ သားသမီးတွေ အတွက်တော့ စိတ်ချမ်းသာမိတဲ့အကြောင်းပြောလာပါတယ်။

‘’ ကံက ကောင်းချင်တော့ အခုချိန်မှာ ကျွန်တော်နည်းနည်း အလုပ်လေး ပါးလာတဲ့အခါမှာ သမီးလေးက အလုပ်လေးတွေ သူ့ဘာသာသူ အဆင်ပြေနေတယ်။ နောက်ထပ် သားကလည်း သူ့အလုပ်လေးတွေ အဆင်ပြေနေတယ်။ သားအကြီးအတွက်ကလည်း စိတ်ပူစရာမလိုဘူး သူက သူ့အလုပ်နဲ့သူ၊ သူ့မိသားစုကို အဆင်ပြေပြေ ကျွေးမွေးနေနိုင်ပြီဆိုတော့ ကျွန်တော် နည်းနည်း ခုသာ၊ ခံသာဖြစ်တာပေါ့နော်။ တစ်အိမ်လုံးမှာ တစ်ယောက်တည်း ရုန်းရတာထက်စာရင် အကုန် ဝိုင်းလှော်တော့ မြန်မြန်ရောက်တာပေါ့’’ လို့ သူကဆိုပါတယ်။

Photo Khin Hlaing

ခင်လှိုင်ဟာ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက် အနေနဲ့ ရရှိတဲ့ သရုပ်ဆောင်ကြေးက နည်းလွန်းတာကြောင့် စုမိဆောင်းမိဖို့ အခက်အခဲရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဇာတ်ပို့သရုပ်ဆောင် ဖြစ်လာကြတဲ့ မျိုးဆက်သစ်တွေက ပိုပြီး အခက်အခဲရှိနိုင်တယ်လို့လည်း သူကပြောပါတယ်။

‘’ ကျွန်တော်တို့ ရတဲ့ငွေက နည်းတယ်။ ဥပမာ ၁၀ သိန်းရတဲ့ လူတစ်ယောက်ပေါ့။ သရုပ်ဆောင်ကြေး ၁၀ သိန်းကို ပုံခနဲ ရတဲ့လူဆိုရင်တော့ သူ စုမိရင် စုကောင်း စုမိမှာပေါ့နော်။ အဝတ်အစားဖိုးကလည်း လက်ထဲမှာ ပိုက်ဆံလေးရှိတော့၊ အကုန်လုံးကလည်း အကောင်းကြိုက်တော့ ၃ သိန်းထဲက ၂ သိန်းဖိုးလောက် စားပြီးရင် ၇ သိန်းတောင် ကျန်သေးတာပဲဆိုတဲ့ စိတ်ကူးနဲ့လေ။ ၇ သိန်းကလည်း နယ်ကို ဇာတ်ကားရိုက်သွားရင် ကားဆီဖိုးလေး စားဖို့သောက်ဖို့ တစ်သိန်းလောက်ပေါ့။ နောက်ဆုံး ပြန်ပြီဟေ့ဆိုရင် ၂ သိန်းလောက်ပဲ ကျန်တော့တယ်။ ၂ သိန်းကျန်တာက နောက်ကားဆက်မရိုက်ခင်မှာ သုံးနေကြတာ။ ဒါကြောင့် ဇာတ်ပို့၊ ဇာတ်ရံ လူငယ်လေးတွေက စုမိဖို့မလွယ်ပါဘူး။ ကျွန်တော်တို့တောင်မှလည်း မလွယ်ပါဘူး’’ လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။

Photo Khin Hlaing

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်းက အနှစ် ၃၀ ကျော်ကို ရောက်ရှိလို့လာပါပြီ။ သူ့ကိုတော့ လူရွှင်တော် ခင်လှိုင် အဖြစ်ကနေ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကတွေ ရိုက်ကူးလာရတာဖြစ်ပါတယ်။ အခုလက်ရှိအချိန်အထိ ပရိသတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်လျက်ရှိနေတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က