သူတို့ကို အိုးပိုင်အိမ်ပိုင် နဲ့ ထားချင်တဲ့ ဆန္ဒလေး ပြည့်ပြီ။
Sabal Thwin

မင်းညီကတော့ သားသမီးတွေကို သူတို့ ဇနီးမောင်နှံတုန်းကလို အိုးမဲ့၊ အိမ်မဲ့ ဘဝကို မဖြတ်သန်းစေချင်တဲ့ အကြောင်း ပြောပြလာပါတယ်။ 

Photo: Min Nyi

မင်းညီဟာ သားသမီးလေးတွေကို မိဘတစ်ယောက် အနေနဲ့ အိုးမဲ့ အိမ်မဲ့ မဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိနေနေတဲ့ တိုက်ခန်းကျဉ်းလေးကို ရောင်းပြီး မြေကွက်ဝယ်၊ အိမ်ဆောက်နေတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“သူတို့ရဲ့ ဆန္ဒက တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ မနေချင်ဘူးဆိုတော့ ကျွန်တော် တိုက်ခန်းရောင်းပြီး ၁၀၊ ၆၀ မြေဝယ်လိုက်တယ်။ အဲဒီအချိန်မှာ အိမ်ဆောက်ဖို့ ပိုက်ဆံရော ရှိရဲ့လား မရှိရင် ဒီလောက်..ဒီလောက် ယူထား ဆိုပြီးတော့ အတိုးမယူ၊ ပေးချင်ပေး မပေးချင်နေ ဆိုတဲ့ သဘောနဲ့ အိမ်တစ်လုံး ဆောက်ဖြစ်သွားတာပေါ့။ သူတို့ရဲ့ ဆန္ဒကို မိဘတွေကလည်း ထားပေးချင်လိုက်တာလို့ စိတ်ကူးလိုက်ရင် သူ့ဘာသာသူ အလိုလို နေရင်း ဖြစ်လာတာပဲ။ ကလေးတွေရဲ့ အနာဂတ်ကကျွန်တော်တို့တုန်းကလို အိုးမဲ့၊ အိမ်မဲ့တော့ မဖြစ်တော့ဘူး။ အိမ်ပိုင်ရာပိုင်လေးရှိသွားတယ်ပေါ့နော်” ဆိုပြီးတော့ ဇွန်လ ၂၂ ရက်နေ့က ရုပ်ရှင်အစည်းအရုံး အလှူကို လာရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Min Nyi

မင်းညီက သူ့ရဲ့ သားသမီးတွေရဲ့ ကံဇာတာက အရမ်းကောင်းတယ်လို့ ဆိုပါတယ်။ အိုးပိုင် အိမ်ပိုင် မရှိတဲ့ သူတို့ ဇနီးမောင်နှံ အနေနဲ့ သမီး အကြီးဆုံးကို စမွေးတဲ့ အချိန်က စလို့ သားငယ်လေးကို မွေးတဲ့ အချိန်ထိ ကံကောင်းတာတွေ ကြုံခဲ့ရပါတယ်တဲ့။  

“ဒီကာလမှာ ကျွန်တော် ကံကောင်းတယ်ဆိုတာထက် ကျွန်တော့် သားသမီးတွေရဲ့ ကံက ပိုကောင်းတယ်လို့ ပြောရမယ်။ ဥပမာ- ကျွန်တော့် သမီးအကြီးကို မွေးတုန်းက အိမ်ပိုင်မရှိတဲ့ ဘဝကနေ တိုက်ခန်း တစ်ခန်း ပိုင်ခဲ့တယ်။ ပိုက်ဆံတွေ ဘယ်က ပိုဝင်လာမှန်း မသိဘူး။ ကိုယ်မတွေ့ခဲ့ဖူးတဲ့ လူတစ်ယောက်ကနေ မင်း ဒါရိုက်တာလုပ်ပါလား။ မင်း ကြော်ငြာရိုက်ဆိုပြီးတော့ ပိုက်ဆံလာပေးတယ် အဲဒီလို ရတဲ့ ပိုက်ဆံတွေကနေ မိန်းမက သေချာ စုဆောင်းတတ်တော့ တိုက်ခန်းလေး ဝယ်နိုင်ခဲ့တယ်။ သမီး အလတ်ကို မွေးတဲ့ အချိန်မှာ နည်းနည်းပိုကျယ်တဲ့ တိုက်ခန်း တစ်ခန်းကို ဝယ်နိုင်တယ်။ သားငယ်လေးကို မွေးတဲ့ အချိန်မှာ ကားရော၊ တိုက်ခန်းရော ဝယ်နိုင်ခဲ့တယ်။ COVID-19 ကာလကြီးမှာ လည်း ကျွန်တော့်အတွက် ဝင်ငွေမရှားဖြစ်ခဲ့တာပေါ့နော်” လို့ သူက ဆိုပါတယ်။ 

Photo: Min Nyi

မင်းညီကိုတော့ ဗီဒီယို ဇာတ်ကားတွေမှာ ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ ဒါရိုက်တာ တစ်ယောက် အနေနဲ့ ကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေ နဲ့ ဇာတ်လမ်းတိုတွေ ရိုက်ကူးနေသလို ဇာတ်ညွှန်းလည်း ရေးတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ မင်းညီရဲ့ အနုပညာသက်တမ်းဟာ (၂၅) နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က