ဓမ္မဝိဟာရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာလည်း အလှူလုပ်ဖြစ်ခဲ့ပါတယ်။

ခန့်စည်သူဟာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဓမ္မဝိဟာရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာ၊ ဆရာမများနဲ့ ကျောင်းသားကျောင်းသူ မိသားစုများအတွက် စားနပ်ရိက္ခာနဲ့ ငွေကြေးအလှူကို ဒီနေ့(မေလ ၃ ရက်) မှာ ပြုလုပ်ခဲ့ပါတယ်။ 

သရုပ်ဆောင် ခန့်စည်သူနဲ့ အတူ အနုပညာရှင်တွေ စုပေါင်းပြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မဝိဟာရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူ အယောက် (၂၅၂) စာအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တဲ့အကြောင်းကို ခန့်စည်သူက Duwun Media အင်တာဗျူးမှာ အခုလို ဖြေဆိုခဲ့ပါတယ်။ 



“ ဒီကျောင်းမှာ နှစ်တိုင်းလည်း လှူဖြစ်နေသလို ပင်တိုင်ဒကာလိုလည်း ဖြစ်နေတော့ ဘုန်းဘုန်းက ဒီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(မူလွန်)ပေါ့ အဲဒီက ဆရာမတွေနဲ့ တခြား မိသားစုဝင်တွေက မပြေလည်ဘူးပေါ့နော်။ တတ်နိုင်သလောက် ထောက်ပံ့ပေးပါ ဆိုတာနဲ့ လှူဖြစ်တယ်။ ဒီအချိန်မှာ ကျွန်တော်တို့ကလည်း အရမ်းချမ်းသာနေတာတော့ မဟုတ်ပေမယ့် ကိုယ်တတ်နိုင်သလောက်လေး လှူဖြစ်တာပါ။”လို့ သူကဆိုပါတယ်။ 

ဒီအလှူမှာတော့ စားနပ်ရိက္ခာ အလှူများအဖြစ် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်များဈ ကြာဇံထုတ်များ၊ ဆပ်ပြာ၊ အချိုမှုန့် နဲ့ ဆား များ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် ဆရာ၊ ဆရာမများအတွက် ငွေကျပ်(၂) သောင်းစီ၊ စားဝတ်နေရေး အဆင်မပြေလှတဲ့ ကျောင်းသားလေးတွေ အတွက် တစ်ယောက်ကို (၇၀၀၀) စီ လှူဒါန်းခဲ့တယ်လို့ ခန့်စည်သူက ပြောပါတယ်။ ဒီနေ့(မေလ ၃ရက်) အလှူမှာတော့ သရုပ်ဆောင် ခန့်စည်သူနဲ့ အတူ ဘုန်းလျှံ၊ လူရွှင်တော်ကံပွင့်၊ အလှမယ် ဟန်နီချို နဲ့ သရုပ်ဆောင် ဆောင်းယွန်းစံ တို့က ပါဝင်ခဲ့ကြပါတယ်။ 

သရုပ်ဆောင် ခန့်စည်သူအနေနဲ့ COVID-19 ကာလမှာ အလှူအတန်းတွေ မကြာခဏ လုပ်နေတာ ဖြစ်ပါတယ်။ နောက်ထပ် ထပ်လှူသွားမယ့် နေရာတွေလည်းရှိသေးတယ်လို့ သူက ဆိုပါတယ်။ 

“လက်ရှိမှာတော့ အရှေ့ဒဂုံမှာရှိတဲ့ စည်ပင်ဝန်ထမ်းတွေကို လှူဖြစ်တယ်၊ ရွာသာကြီးမှာရှိတဲ့ အဆင်မပြေတဲ့ အိမ်ထောင်စု တွေကို လှူဖြစ်တယ်။ ဝေဘာဂီဆေးရုံကြီးမှာလည်း မနက်စာ၊ နေ့လည်စာနဲ့ အအေးတို့၊ ကော်ဖီတို့တွေ လှူခဲ့ပါတယ်။မလှူရသေးတဲ့ နေရာတွေလည်းရှိသေးတယ်။ လှူဖို့ စာရင်းပေးထားတာတွေလည်း ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ မေတ္တာသိင်္ဂဟအဖွဲ့တွေ တိုင်ပင်ပြီး မန္တလေး ဆေးရုံကြီးမှာ တာဝန်ကျနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ လူနာတွေအတွက် ကျွန်တော်တို့ တတ်နိုင်သလောက်လေး လှူဖို့ လုပ်ထားပါတယ်” လို့လည်း ခန့်စည်သူက ဆက်လက် ပြောပြခဲ့ပါတယ်။ 

ခန့်စည်သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က