သူမရဲ့ အချစ်ရေးအကြောင်းကို ရင်ဖွင့်ပြောပြလာပါတယ်။

ပိုးမီကတော့ အရမ်းလည်းချစ်ခဲ့ဖူးသလို အသည်းလည်းကွဲခဲ့ဖူးတယ်ဆိုပြီးတော့ သူမရဲ့ အချစ်ရေးအကြောင်းတွေ ပြောပြလာပါတယ်။ 

Photo: Poe Mi



အဆိုတော် ပိုးမီကတော့ သူမရဲ့ လက်ရှိအချစ်ရေးအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ အချစ်နဲ့ ပတ်သက်လာရင် နှလုံးသားနုနုလေးလို့ပြောလာတဲ့ သူမကတော့ ချစ်သူမထားရဲသေးဘူးလို့ ဆိုပါတယ်။ 

“ အခုချိန်မှာ သူငယ်ချင်းတွေရဲ့ အချစ်ရေးကို ကြည့်ပြီးတော့ ကြည်နူးတယ်။ ဒါပေမယ့် ကိုယ့်အတွက်ရော ဆိုတော့လည်း တစ်ယောက်တည်းနေရတဲ့ဘဝလေးကို သဘောကျတယ် အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူး။ ကိုယ်က စိတ်နုတယ်၊ အရမ်းလည်းချစ်ခဲ့ဖူးတယ်၊ အသည်းကွဲတုန်းကလည်း အကြာကြီးခံစားခဲ့ရတယ်။ ကံကြမ္မာကတော့ ဘယ်လို ဖြစ်လာမယ်မသိဘူး၊ လောလောဆယ်မှာတော့ အိမ်ထောင်ပြုဖို့ အစီအစဉ်လည်းမရှိသလို ခေါင်းထဲလည်း မတွေးထားပါဘူး”လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Poe Mi

အဆိုတော် ပိုးမီဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်တွေကို သီချင်းလေးနဲ့ ရင်ဖွင့်တတ်သူ တစ်ယောက်ပါ။ သူမရဲ့ ချစ်သူကို ထုတ်ဖော်ပြသခဲ့တာမရှိပေမယ့်လည်း အချစ်ရေးသတင်းတွေကတော့ မကြာခဏ ထွက်လေ့ရှိပါတယ်။ ဒီသတင်းတွေအပေါ် ပိုးမီက ထွေထွေထူးထူး ဖြေရှင်းခဲ့တာမျိုးတွေ မရှိပါဘူး။ သူကတော့ အချစ်ရေးထက် ဂီတအလုပ်တွေကို အားသွန်ခွန်စိုက် ကြိုးစားနေတာ တွေ့ရပါတယ်။ 

Photo: Poe Mi

ပိုးမီကတော့ ယောကျ်ားလေး သူငယ်ချင်းတွေလည်း အများကြီးရှိသလို၊ မိန်းကလေး သူငယ်ချင်းတွေလည်း အများကြီး ရှိတဲ့သူပါ။ သူမရဲ့ အချစ်ရေးကို စိတ်ဝင်စားတဲ့ သူတွေကတော့ သူငယ်ချင်းတွေနဲ့တင်တဲ့ ဓာတ်ပုံကိုလည်း ရည်းစားဆိုပြီး အထင်လွဲခံရတာတွေရှိတယ်လို့ ပိုးမီက ပြောပါတယ်။ 

“ ကိုယ့်ကို ဟိုလူနဲ့ထင်လိုက်၊ ဒီလူနဲ့ထင်လိုက်နဲ့ ရစရာလည်းမရှိတော့ပါဘူး။ ဘယ်သူနဲ့မှလည်း မတင်ရဲတော့ပါဘူး။ ကိုယ်ကလည်း ရည်းစားမှ မရှိတာဆိုတော့ ထင်ချင်စရာကြီးဖြစ် နေတာကိုး။ ယောကျ်ားလေးတစ်ယောက်နဲ့ အပေါင်းအသင်းလုပ်တာများပြီဆိုရင် ဒါ သူ့ဘဲလား မသိဘူး၊ မိန်းကလေး အပေါင်းအသင်းတွဲတာ များရင်လည်း သူက မိန်းကလေးချင်း ကြိုက်နေတာလား ဆိုပြီးတော့ အထင်ခံရသေးတယ်။” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Tune Bar ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Poe Mi

ပိုးမီကိုတော့ Myanmar idol Season 2 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ Myanmar idol Season 2 မှာလည်း တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။ အခုဆိုရင်တော့ သူကိုယ်တိုင်ရေးစပ်သီကုံးထားတဲ့ သီချင်းတွေနဲ့ အတူ ပရိသတ်အရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ " နောက်ထပ်တစ်ယောက် မရှိ " ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီအခွေလေးကလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူ ကျခဲ့တာကြောင့် အောင်မြင်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း Single Song လေးတွေ ထွက်ရှိထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က