အင်းစိန်ဆေးရုံမှာ ဆေးကုသနေရပါတယ်။

အစ္စဏီဟာ ဒီနေ့(သြဂုတ်လ ၁၆)ရက်နေ့ ရုံးချိန်းမှာ အမှုစစ်ဆေးနေရင်း အသက်ရှုရအခက်အခဲတွေဖြစ်လာတာကြောင့် စစ်ဆေးမှုကို ရပ်နားခဲ့တယ်လို့ သိရပါတယ်။ သူဟာ အခုလက်ရှိ အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ တရားလွှတ်တော်ရှေ့နေဦးကျော်ဇင်ဦးက ပြောပါတယ်။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့(သြဂုတ်လ၁၆ရက်)မှာ တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အမှုစစ်ဆေးနေချိန်မှာပဲ အစ္စဏီရဲ့ ကျန်းမာရေးအခြေအနေအရ အသက်ရှုရတာမောလာတဲ့အတွက် စစ်ဆေးမှုကို ရပ်နားလိုက်ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးကပြောပါတယ်။

‘’ ဒီနေ့က ပုံမှန်အတိုင်း အမှုစစ်တယ်။ အာမခံတော့ မလျှောက်တော့ဘူး။ အမှုစစ်နေရင်းနဲ့ အစ္စဏီက အသက်ရှုရတာ မောလာတဲ့အတွက် စစ်ဆေးမှုကို နားခဲ့တယ်။ နောက်တပတ် သောကြာနေ့ပြန်ချိန်းတယ်။ အခုလောလောလတ်လတ်က ကျန်းမာရေးမကောင်းဘူး။ အစတုန်းက အားကစားလုပ်ခဲ့တဲ့ ဒဏ်ကြောင့် ဒူးခေါင်းကအရွတ်တွေက ဒဏ်ဖြစ်နေတယ်။ အဲဒါကြောင့် ကျန်းမာရေးသိပ်မကောင်းဘူး’’ လို့ ဆိုပါတယ်။

အစ္စဏီဟာ လက်ရှိ ကျန်းမာရေးအခြေအနေကြောင့် အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ဆက်လက် ပြောပြလာပါတယ်။

‘’ အသက်ရှုလမ်းကြောင်းမကောင်းဘူး။ အခုချိန်မှာတော့ အင်းစိန်ဆေးရုံမှာပဲ ဆေးကုသမှုတွေ ဆောင်ရွက်နေတယ်။ ကျန်းမာရေးကတော့ ကောင်းလာလိုက် ဆိုးသွားလိုက်ဖြစ်နေတယ်။ ကျန်းမာရေးအရ စိုးရိမ်တဲ့အတွက် ဆေးခွင့်တွေဘာတွေ ယူဖို့တော့ရှိတယ်။ အခုချိန်မှာတော့ အမှုကို ဆက်လက် စစ်ဆေးသွားဖို့ပဲရှိပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁၆ ရက်နေ့က ရုံးချိန်းကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။

တရားခံ အစ္စဏီကို တရားလိုဘက်က သြဂုတ်လ(၅) ရက်နေ့က အမှုကျေအေးလွှာမှာ လက်မှတ်ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်က သူဆွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ကျေအေးလွှာမှာ လက်မှတ်ထိုးထားပေမယ့်လည်း ဥပဒေအရ အဆင့်ဆင့် ဆောင်ရွက်ရမှာတွေ ပြီးဆုံးမယ့် အချိန်အတိအကျ မသိနိုင်ဘူးလို့ ရှေ့နေက ဆက်လက်ပြောပြခဲ့ပါတယ်။

အစ္စဏီရဲ့ နောက်ထပ်ရုံးချိန်းကို သြဂုတ်လ(၂၃) ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က