Sabal Thwin

ဒါရိုက်တာ ညိုမင်းလွင်ဟာ အထူးပြုလုပ်ချက်တွေနဲ့ ဇာတ်ကားတစ်ကားဖန်တီးဖို့ အစီအစဉ်ရှိပြီး ထုတ်လုပ်ဖို့အတွက် အခက်အခဲဖြစ်နေသူတွေကို အနန္တဖောင်ဒေးရှင်းတည်ထောင်ပြီး ကူညီပေးမယ်လို့ ဆိုပါတယ်။

ညိုမင်းလွင်ဟာ မကြာခင်ရုံတင်ပြသတော့မယ့် ‘’အနန္တ’’ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဆက်နွယ်ပြီး ဖောင်ဒေးရှင်းတစ်ခု တည်ထောင်သွားမယ်လို့ဆိုပါတယ်။ ဒီဖောင်ဒေးရှင်းကနေ အိုင်ဒီယာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို ထုတ်ဖို့အခက်အခဲဖြစ်နေသူတွေအတွက် ထောက်ပံ့ပေးသွားမယ်လို့လည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ဒီဇာတ်ကား ရုံတင်တဲ့နေ့မှာပဲ အနန္တဖောင်ဒေးရှင်းအဖြစ်နဲ့ ကျွန်တော် လုပ်လိုက်ပါမယ်။ ဒီဇာတ်ကားထဲက ဝင်ငွေ ရာခိုင်နှုန်းတစ်ခုကို ကျွန်တော် ဖယ်ထားပါ့မယ်။ ဖယ်ထားပြီးတော့ နောင်မှာ ဒီလိုဇာတ်ကားမျိုးတွေရိုက်ချင်ပြီးတော့ ထုတ်လုပ်သူမရှိတဲ့ လူငယ်တွေရှိရင် ကျွန်တော်တို့ လက်ခံစဉ်းစားပြီးတော့ အဆင်ပြေတဲ့ Project တစ်ခု ဖြစ်တယ်ဆိုရင် ကျွန်တော်တို့ ထုတ်လုပ်ပါ့မယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၁ ရက်နေ့က ‘’အနန္တ’’ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့ပါတယ်။

ထုတ်လုပ်ပေးသွားမယ့် ဇာတ်ကားတွေအပေါ်မှာလည်း သူ့ရဲ့ မျှော်လင့်ချက်တွေကို ပြောပြလာပါတယ်။ အနန္တ ရုပ်ရှင်ဇာတ်ကားကိုကြည့်ခြင်းအားဖြင့် ဖန်တီးမှုအသစ်တွေ ပေါ်ပေါက်လာစေချင်တယ်လို့ ညိုမင်းလွင်က ဆိုပါတယ်။

‘’အဓိက ကတော့ အထူးပြုလုပ်ချက်တွေ များများပါတဲ့ဇာတ်ကားမျိုးကို မျှော်လင့်တယ်။ Visual Effect က ရုပ်ရှင်လောကကို ပြောင်းလဲပေးနိုင်တဲ့ ထောင့်တစ်ခုလို့ ကျွန်တော် ယုံကြည်တယ်။ အနန္တဇာတ်ကားကိုကြည့်ပြီး သူတို့ကို အားတက်သွားစေချင်တာ။ သူတို့ ကြည့်ချင်နေတာ ညိုမင်းလွင် မဟုတ်ဘူး၊ နန်းဆုဦးမဟုတ်ဘူး၊ ဖြိုးငွေစိုးမဟုတ်ဘူး၊ မြန်မာ့ ပထမဦးဆုံး သိပ္ပံဇာတ်ကားဆိုတာကို ကြည့်ချင်ကြတာ။ မြန်မာတွေ Visual Effect ကို ဘယ်လောက် လုပ်နိုင်ပြီလဲ ဆိုတာကို ကြည့်ချင်တာ။ အဲဒါလေးကို လူတွေမြင်လာပြီးတော့ ဖန်တီးစေချင်တာ’’ လို့လည်း ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်ကိုယ်တိုင် ရိုက်ကူးထားတဲ့ မြန်မာ့ပထမဆုံး သိပ္ပံရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၁ ရက်နေ့ ညက သမ္မတရုပ်ရှင်ရုံမှာ အထူးပြပွဲပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇူလိုင်လ ၄ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ဖြိုးငွေစိုး၊ စိုးရန်အောင်၊ နေဝင်း၊ စိုင်းလွှမ်း၊ နန်းဆုဦး၊ သက်ထားဝေဇင်၊ ဧကရီမှူးပိုင် နဲ့ နန်းထိုက်အောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ညိုမင်းလွင် က ညကျောင်း၊ ဒိုင်နိုဆောရွာ၊ ရန်ကုန်မြို့ပြရုပ်ရှင်ဇာတ်ကား အပြင် ဇီးကွက်သေတ္တာရုပ်သံဇာတ်လမ်းတွဲ တို့ကိုလည်း ရိုက်ကူးထားပါသေးတယ်။ နောက်ထပ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများကြီးပါ။သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ‘’မေထုန်ရာသီဖွား’’ ရုပ်ရှင်ကားကြီးကတော့ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ‘’မနုစာရီ’’ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း လက်ရှိမှာ ပုံဖော်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ညိုမင်းလွင်ကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ဦးအဖြစ်ကတည်းက အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က