သင်္ကြန်မှာ ပွဲမရှိလို့ အော်နေစရာမလိုဘူး။

ဂီတပညာရှင် နိုင်ဇော်ကတော့ သင်္ကြန်မှာ ဖျော်ဖြေပွဲတွေမရှိလည်း အဆိုတော်တွေ အနေနဲ့ ငြီးငြူနေဖို့မလိုဘူး ဆိုတဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Naing Zaw



ဂီတသမားတွေ အနေနဲ့ ဒီနှစ် သင်္ကြန်မှာ ဖျော်ဖြေရေးတွေ မရှိလို့ စိတ်ညစ်နေစရာမလိုဘူးလို့ ဂီတပညာရှင် နိုင်ဇော်က ပြောပါတယ်။ အနုပညာသမားတစ်ယောက်ဖြစ်တာကြောင့် ဖျော်ဖြေပွဲတွေ မရှိလို့ ဘဝပျက်သွားရလောက်တဲ့အထိ ငြီးငြူနေဖို့ မလိုတဲ့အကြောင်း သူက ပြောလာပါတယ်။ 

“ သင်္ကြန်မှာ ပွဲတွေမရှိတာကို တချို့ အဆိုတော်တွေက ဖေ့စ်ဘွတ်မှာ အော်နေကြတယ်။ ပွဲမရှိလို့ ငါတို့ဘဝ ပျက်ပြီဆိုရင် မင်းဘဝက ပွဲအတွက် မွေးဖွားလာတာလား။ အနုပညာသည် သင်္ကြန်တစ်ခုတည်းရှိတာလား။ သင်္ကြန်တစ်ခုတည်းဆိုဖို့ မွေးဖွားလာတာဆိုရင်တော့ အဲဒီလူကို အစ်ကို အရမ်းသနားတယ်။ သင်္ကြန်တစ်နှစ်လုံးမရှိလည်း ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပဲ။ နေ့တိုင်း ကုန်ထမ်းနေရတဲ့သူတွေဆိုရင် တစ်နေ့အတွက် တစ်နေ့ရှာရတာတောင် ဘာမှ ပြောမထွက်ကြဘူး။ အဆိုတော်တွေကျတော့ ပွဲတစ်ပွဲကို သိန်း ၁၀ နဲ့ချီပြီးရတာ အဲဒီပိုက်ဆံတွေ ဘယ်ရောက်ကုန်သလဲလို့ အစ်ကို ပြောချင်ပါတယ်” ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Naing Zaw

၂၀၂၀ ခုနှစ် သင်္ကြန်ပွဲကိုတော့ COVID-19 ကြောင့် မကျင်းပဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများက တားမြစ်ထားတာ တွေ့ရပါတယ်။ လူစုလူဝေးနဲ့ ကျင်းပပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ မင်္ဂလာပွဲတွေ၊ အလှူတွေ အပြင် သင်္ကြန်ပွဲတွေ မလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။ လက်ရှိမှာတော့ ကမ္ဘာအနှံ့အပြားမှာ COVID-19 ကြောင့် သေဆုံးသူတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာနေတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ ဒါကြောင့် အနုပညာရှင်တော်တော်များ များကလည်း ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်ကြဖို့ တိုက်တွန်းထားတာတွေလည်း တွေ့ရပါတယ်။ 

Photo: Naing Zaw

နိုင်ဇော်ဟာ ဂီတသမားတွေအနေနဲ့ ဖျော်ဖြေရေးတွေ မရှိတဲ့အချိန်မှာ အနုပညာဝမ်းစာဖြည့်ဖို့ အတွက် လေ့လာသင့်တဲ့အရာတွေကို ပိုအချိန်ပေးပြီးလေ့လာသင့်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေအတွက် အနုပညာရှင်တွေက အင်အားတစ်ခုဖြစ်ဖို့ အရေးကြီးတယ်လို့လည်း မတ်လ ၁၉ ရက်နေ့က သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ အနုပညာသမားဆိုတာ မွေးကတည်းက အငတ်ခံနိုင်မှ အနုပညာသမားလုပ်တာ အကောင်းဆုံးပဲ။ အငတ်ခံနိုင်စွမ်းအားနည်းလို့ လျှောက်အော်နေတာလို့ အစ်ကိုပြောချင်တယ်။ အစ်ကိုတို့ဆို မနက်ပိုင်း လက်ဖက်ရည်တစ်ခွက်သောက်စရာမရှိလို့ လက်ဖက်ရည်ဆိုင်ရှေ့မှာ ဖြတ်လျှောက်ရင်း ဘယ်သူများ လက်ဖက်ရည်ခေါ်တိုက်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ တက်လာတဲ့သူပါ။ ဒါကြောင့် ပြည်သူနဲ့ အနုပညာသမားက အတူတူပဲဆိုရင် ပြည်သူတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြရမှာပေါ့။ သင်္ကြန်ကို ပွဲရှိလို့ ဝမ်းသာမယ်၊ ပွဲမရှိလို့ စိတ်ညစ်မယ်ဆိုတာ အစ်ကို့ အဘိဓာန်မှာ မရှိပါဘူး” ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Naing Zaw

နိုင်ဇော်ဟာ ဂီတလောကမှာ အောင်မြင်မှု ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။ Lazy Club တီးဝိုင်းမှာ Lead Guitar တီးခတ်သူ တစ်ဦးဖြစ်ပြီး တစ်ကိုယ်တော်အနေနဲ့ သီချင်းအများကြီး တီးဖြစ်နေပါတယ်။ သူ့အနေနဲ့ တက်သစ်စ အဆိုတော် တွေအပေါ်မှာလည်း အများကြီး အကူအညီတွေ ပေးနိုင်ခဲ့တဲ့ ဆရာတစ်ဦးဆိုရင်လည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က