အစ်မ ကြော်ငြာစရိုက်ချိန်မှာ သူနဲ့ စဆုံခဲ့တာပါ။
Sabal Thwin

ချောရတနာကတော့ အနုပညာအလုပ်တွေ စလုပ်ချိန်မှာ သရုပ်ဆောင်ထင်ပေါ်နဲ့ စတင်ဆုံခဲ့ရတာဖြစ်ပြီး ပျော်စ ရာအမှတ်တရတွေ လည်းရှိသလို စိတ်မကောင်းဖြစ်ခဲ့ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။  

Photo: Baydar

သရုပ်ဆောင် ချောရတနာကတော့ တစ်ချိန်က ကြော်ငြာတွေ အတူတူရိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင် ထင်ပေါ် နဲ့ အမှတ်တရလေးတွေကို ပြောပြလာပါတယ်။ အနုပညာအလုပ်တွေ စလုပ်ချိန်မှာ ကိုထင်ပေါ်နဲ့ စ ဆုံဖြစ်ခဲ့တာလို့ Duwun Media ရဲ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ 

“ ကိုထင်ပေါ်နဲ့ အစ်မနဲ့က အ.လ.က(၄) ရန်ကင်း ကျောင်းမှာကတည်းက တစ်ကျောင်းတည်းတက်ခဲ့တာပါ။ သူတို့က နှစ်ကြီးသမားဆိုတော့ အစ်မတို့နဲ့ အများကြီးကွာပါတယ်။ ပွဲတွေကျမှ နှစ်ယောက်ဆုံဖြစ်တာပါ။ အစ်ကိုကြီးနဲ့က ကျောင်းမှာတုန်းက မခင်ဘူး။ အစ်မ အနုပညာအလုပ်စလုပ်တော့ ပေါချောဆိုတဲ့ နာမည်နဲ့ “ညမွှေးပန်း”(အမျိုးသမီးအသုံးအဆောင်) ပစ္စည်းကြော်ငြာရိုက်တော့ ဒီကြော်ငြာမှာ ကိုထင်ပေါ် ပါတယ်လို့ လည်း မသိဘူး။ ရိုက်ကွင်းရောက်တော့မှ ကိုကြီးထင်ပေါ် ပါတာလား ဘယ်နေရာမှာ သရုပ်ဆောင်မှာလည်း ဆိုပြီး စခဲ့သေးတယ်။ ကိုကြီးနဲ့လည်း အဲဒီကြော်ငြာလေးမှာ မှ စခင်တာပါ။ ကိုကြီးက အရမ်းလည်းပျော် တတ်တယ်၊ အကုန်လုံးကိုလည်း မပျင်းရအောင် ဟာသလေးတွေ ပြောပေးတယ်” လို့ သူကဆိုပါတယ်။ 

Photo: Aye Zaw Moe

ချောရတနာနဲ့ ထင်ပေါ်တို့ရဲ့ အအောင်မြင်ဆုံး VCD ကတော့ “ကိုသာကျော်ရဲ့ ချစ်ပုံပြင်” ဆိုတဲ့ သီချင်းလေး ဖြစ်တယ်လို့ ချောရတနာက ပြောပါတယ်။ ဒီ VCD လေးရိုက်ကူးရေးကတော့ ကိုထင်ပေါ်နဲ့ နောက်ဆုံး ဆုံခဲ့ရတဲ့ အမှတ်တရ ဖြစ်လို့ စိတ်မကောင်းဘူးလို့လည်း သူက ပြောပါတယ်။ 

“သရုပ်ဆောင်တဲ့ အချိန်မှာလည်း သူက သေချာပြောပြတယ်။ အရင်တုန်းက ကိုမိုးနဲ့တူတယ်ဆိုပြီးတော့ အကုန်လုံးကတောင် စကြတာပေါ့။ ပြီးတော့ “ကိုသာကျော်ရဲ့ ချစ်ပုံပြင်” ဆိုတဲ့ VCD ရိုက်တာ သူနဲ့ နောက်ဆုံးပဲ။ ပြီးတော့ နာဂစ်ဖြစ်တဲ့အချိန်မှာ သူဆုံးသွားတာဆိုတော့ အသုဘတောင် လိုက်မပို့လိုက်ရပါဘူး။ တော်တော်လည်း စိတ်မကောင်းဖြစ်ရတယ်။ ကိုဗေဒါကလည်း အစ်မတို့နဲ့ အမျိုးတော်တယ် ကိုထင်ပေါ်က အစ်မ အစ်ကိုနဲ့လည်း တွဲဖက် ဖြစ်နေတော့ ပိုလည်း ခင်မိတယ်” လို့ ဆိုပါတယ်။ 

Photo: Baydar

VCD တစ်ခေတ်ဖြစ်ခဲ့ချိန်မှာ ချောရတနာက သူနဲ့အတူတွဲဖက်သရုပ်ဆောင်ရတာ အများဆုံးကတော့ ဟာသသရုပ်ဆောင် ကင်းကောင်နဲ့ ထင်ပေါ် တို့ ဖြစ်ကြတယ်လို့ သူက ဆိုပါတယ်။ အခင်ရဆုံးနဲ့ အချစ်ရဆုံး အစ်ကိုတွေ ဖြစ်တယ်လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ အစ်မကလေ ကိုထင်ပေါ်နဲ့ ဇာတ်ကားတွေတော့ အတူတူ တွဲမရိုက်ခဲ့ဖူးဘူး။ အစ်မလည်း ကိုယ်ပါတယ် ဆိုတဲ့ အနေအထားမှာ ရိုက်ခဲ့ရတဲ့ အချိန်တုန်းက သူနဲ့ ဆုံခဲ့ဖူးတာလေးတွေရှိပေမယ့် အချိန်လည်း ကြာပြီဆိုတော့ သိပ်မမှတ်မိတော့ဘူး။ အရင်တုန်းကဆိုရင် ဟာသရိုက်ပြီဆို ဦးကင်း တို့ ကိုထင်ပေါ်တို့နဲ့ အစ်မက အရမ်းတွဲရတာ။ VCD ခေတ်တုန်းကဆိုရင်လည်း ဦးကင်းနဲ့ရိုက်ရင်ရိုက် မရိုက်ရင် ကိုထင်ပေါ်နဲ့ ရိုက်ခဲ့ရတာချည်းပဲ။ သူတို့တွေ ကွယ်လွန်သွားတာလည်း အစ်မ တစ်ယောက်တည်း ခံစားရတာထက် အနုပညာလောကက လူတွေ အကုန်လုံး ခံစားကြရတယ်။ သူတို့ကိုလည်း အကုန်လုံးက ချစ်ကြတယ်” လို့လည်း သူက ပြောပါတယ်။ 

Photo: Chaw Yadanar

ချောရတနာက ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ ၂၀၁၂ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပါဘူး။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ အဲဒီနောက် ၂၀၁၈ ခုနှစ်ကစပြီး အနုပညာအလုပ်တွေကို ကြော်ငြာရိုက်ကူးရေးတွေကနေတဆင့် ပြန်လည် လုပ်ကိုင်လာတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က