၆ နှစ်ကြာ ဝေးကွာပြီးမှ အလုပ်တွေ ပြန်လုပ်လာတာပါ။
Sabal Thwin

မင်းဟိဏ်းက အနုပညာလောကထဲကို ပြန်ဝင်လာတဲ့အချိန်မှာ အားပေးခဲ့ကြတဲ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေကြောင့် ကြိုးစားချင်စိတ်တွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: Min Hein

မင်းဟိဏ်းကတော့ အနုပညာအလုပ်တွေ ပြန်လုပ်တဲ့အချိန်မှာ အနီးဆုံးအားပေးတဲ့ သူတွေကတော့ မိသားစုနဲ့ အမာခံပရိသတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖေးမကူညီမှုတွေလည်း အများကြီးရခဲ့တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

“ အနုပညာအလုပ်တွေ ပြန်လုပ်မယ်ဆိုတော့ ကျွန်တော့်မိသားစုက ကျွန်တော့်ကို အားပေးကြတယ်။ အရင်တုန်းကတည်းက ကျွန်တော့်ရဲ့ အနုပညာအလုပ်တွေကို အားပေးလာတဲ့ အမာခံပရိသတ်တွေကလည်း အားပေးကြတယ်။ ပြီးတော့ ထုတ်လုပ်သူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးက စိတ်ဓာတ်မကျရအောင် လက်တွဲခေါ်သွားမယ် ဆိုပြီးတော့ အားပေးကြပါတယ်” လို့ ဆိုပါတယ်။

Photo: Min Hein

မင်းဟိဏ်းဟာ အနုပညာအလုပ်တွေနဲ့ နှစ်တော်တော်ကြာဝေးကွာနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုချိန်မှာ ပိုကြိုးစားရတော့မယ်လို့ သူကဆိုပါတယ်။

“ အရင်တုန်းက ဆိုးခဲ့ ပေခဲ့တဲ့အချိန်တွေမှာလည်း ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ဟာတွေက အရာမဝင်ခဲ့ပါဘူး။ ပျက်စီးခဲ့တယ်။ အခုလို ပြန်ရပ်တည်ခွင့်ရလာတဲ့အချိန်မှာ အားလုံးရဲ့ မေတ္တာ၊ စေတနာ၊ ပံ့ပိုးမှုတွေကြောင့် အခုလို နေနိုင်ခဲ့တယ်။ ဒါကလည်း ကျွန်တော့်ရဲ့ စိတ်တွေပြောင်းလဲလာတယ်။ အဲဒီအပေါ်မှာ ကျွန်တော် ကြိုးစားရမယ်ဆိုတဲ့ တာဝန်ဖြစ်လာတယ်” လို့ သူကပြောပါတယ်။

Photo: Min Hein

လက်ရှိမှာလည်း မင်းဟိဏ်းက ရုပ်သံဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေတယ်လို့ သိရပါတယ်။

“ အခုက ‘Secret File’ ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်နေပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ သမီးငယ်လေးရိုက်တာပါ။ လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာပါ။ ပြီးတော့ တပ်မတော်နေ့ ဂုဏ်ပြု ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် လက်ခံထားတာ ရှိပါတယ်” လို့ သူကဆိုပါတယ်။

Photo: Min Hein

သရုပ်ဆောင် မင်းဟိဏ်းရဲ့ အနုပညာသက်တမ်းကတော့ ၁၀ စုနှစ် ၃ စုလောက် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတောအတွင်းမှာတော့ အနုပညာအလုပ်နဲ့ ၆ နှစ်ကျော်အကြာ ဝေးကွာခဲ့ပြီး ၂၀၁၉ ခုနှစ် အတွင်းမှာတော့ အနုပညာအလုပ်တွေပြန်လည် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ မင်းဟိဏ်းကိုတော့ 1990 နောက်ပိုင်းက Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အက်ရှင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က