ကျွန်တော်က သရုပ်ဆောင်ဖြစ်လို့ ကိုယ့်အလုပ်ကိုယ်လုပ်တာပါ။

မင်းဟိဏ်းဟာ ပရိသတ်စိတ်ဝင်စားမှုများခဲ့တဲ့ Music Video ကြောင့် အနုပညာရှင်အချင်းချင်းတွေရဲ့ ဝေဖန်မှုများစွာကို ခံစားနေရတာဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ဒါကို အလုပ်တစ်ခုလိုပဲ မြင်တယ်လို့ သူကဆိုပါတယ်။

မင်းဟိဏ်းကတော့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်လာတဲ့အချိန်မှာ Music Video တစ်ခုကြောင့် အနုပညာလောကသားအချင်းချင်းတွေရဲ့ ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။ အနုပညာသမားအချင်းချင်း ဝေဖန်မှုတွေ ပြင်းထန်တာကြောင့်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။



‘’ သရုပ်ဆောင်လောကမှာ ကျွန်တော် လုပ်လာတာလည်း ကြာပါပြီ။ ဒီခေတ်ပုံစံအတိုင်းပဲ ထွက်လာတယ်၊ ပေါ်လာတယ်၊ မြင်လာတဲ့အခါမှာ လက်ခံဖို့ လက်မခံဖို့ထက် ကျွန်တော့်အလုပ်တစ်ခုအနေနဲ့ ကျွန်တော် လုပ်ခဲ့တယ်။ ဒါကို အနုပညာရှင်အချင်းချင်း ဝေဖန်တယ်၊ တိုက်ခိုက်တယ်ဆိုတာကိုတော့ စိတ်မကောင်းဘူး။ ကျွန်တော့်နေရာမှာ သူတို့ဆိုရင်လည်း နားလည်ဖို့လိုမှာပါ။ အနုပညာအလုပ်တွေ ပြန်လုပ်လာတဲ့အချိန်မှာ ရိုက်ခဲ့တဲ့ mtv လေး တစ်ပုဒ်ပေါ့နော်။ အနုပညာအလုပ်တွေလုပ်နေကြတဲ့သူအချင်းချင်း Respect ထားဖို့လိုမယ်လို့ထင်ပါတယ်။ ကျွန်တော်လည်း ထားပါတယ်’’ လို့ ဆိုပါတယ်။

မင်းဟိဏ်းဟာ တေးသံရှင်ရှုမငြီးနဲ့အတူ ‘’ကိုရေ ဘာတွေလဲ’’ ဆိုတဲ့ Music Video ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။ ဒီ Music Video ဟာ ၁၈ နှစ်အောက် ကလေးငယ်တွေ မကြည့်သင့်တဲ့ သီချင်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် အသက်ကန့်သတ်ချက်မထားပဲ ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာတော့ ပရိသတ်ပေါင်းများစွာတို့ရဲ့ ဝေဖန်မှုများစွာကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

‘’ စိတ်မကောင်းဖြစ်တာကတော့ Viewer တွေအနေနဲ့ကတော့ အမျိုးမျိုးဝေဖန်ကြမှာပဲ။ ဒီ MTV တစ်ခုကြောင့် ကျွန်တော့် လက်ခံထားတဲ့ အနုပညာအလုပ်တွေရဲ့ ထုတ်လုပ်သူတွေကလည်း နားလည်ကြပါတယ်။ ဒီ MTV ကြောင့်ပဲ ကျွန်တော့်ရဲ့ အနုပညာ ကဏ္ဍမှာ ထိခိုက်သွားမယ်လို့လည်း မထင်ပါဘူး။ နောက်ထပ်ရိုက်မယ့် ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဇာတ်လမ်းတွဲတွေပဲဖြစ်ဖြစ်လက်ခံထားတာရှိသလို ဇာတ်ကားတွေမှာလည်း ဒီလိုကာရိုက်တာမျိုးလည်းရှိရင် ရှိလာမယ်၊ ဒီ့ထက်ကြမ်းတာလည်းရှိရင်ရှိလာမယ်။ ဒါပေမယ့် ကုမ္မဏီအပိုင်းကတော့ ဆင်ဆာRate လေး တစ်ခုခွဲထားတာလေးရှိရင်တော့ ပိုကောင်းတာပေါ့’’ လို့ ပြောပါတယ်။

မင်းဟိဏ်းကိုတော့ ‘’ကိုရေ ဘာတွေလဲ’’ Music Video ထဲမှာ ပါဝင်ထားတဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်တဲ့ ပရိသတ်တချို့က မူးယစ်ဆေးဝါးသုံးစွဲထားလေသလားလို့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ မင်းဟိဏ်းကလည်း မူးယစ်ဆေးဝါး သုံးစွဲထားခြင်းမရှိဘူးလို့ ပြန်လည်ငြင်းဆိုခဲ့ပါတယ်။

‘’ ကျွန်တော်ဟာ အနုပညာရှင်တစ်ယောက်ပါ။ အလုပ်တစ်ခုအနေနဲ့ လုပ်တာ။ ဒီအလုပ်လုပ်နေတဲ့ အချိန်မှာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ အကုန်လုံး ကင်းသွားပါပြီ။ လုံးဝလည်း ပြတ်သွားပါပြီ။ ပြတ်သွားတဲ့အချိန်မှာ ကျွန်တော့်အလုပ် ကျွန်တော် လုပ်နေပါတယ်။ ကြိုးစားနေပါတယ်။ ဒီ mtv ရိုက်ဖို့အတွက်တော့ မူးယစ်ဆေးဝါးသုံးပြီးတော့ Mood သွင်းတယ် ဆိုတာမျိုး လုံးဝ မလုပ်ပါဘူး’’ လို့ သူကဆိုပါတယ်။ 

သရုပ်ဆောင် မင်းဟိဏ်းရဲ့ အနုပညာသက်တမ်းကတော့ ၁၀ စုနှစ် ၃ စုလောက် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတောအတွင်းမှာတော့ အနုပညာအလုပ်နဲ့ ၆ နှစ်ကျော်အကြာ ဝေးကွာခဲ့ပြီး ၂၀၁၉ ခုနှစ် အတွင်းမှာတော့ အနုပညာအလုပ်တွေပြန်လည် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ မင်းဟိဏ်းကိုတော့ 1990 နောက်ပိုင်းက Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အက်ရှင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က