ဖုန်းဆက်ပြီး စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တဲ့သူအကြောင်းပြောလာပါတယ်။
Sabal Thwin

မေမဒီကတော့ သူမကို ဖုန်းနဲ့ဆက်သွယ်ပြီး အတူအိပ်ဖို့ပြောလာတဲ့ ဖုန်းပိုင်ရှင်ကို ခြေရာခံမိပြီလို့ ဆိုပါတယ်။ နှမချင်းမစာနာတဲ့ အပြောအဆိုတွေကြောင့် ဒေါသထွက်ခဲ့ရတယ်လို့လည်း သူကပြောပါတယ်။ 

မေမဒီကတော့ သူမကို ဖုန်းဆက်ပြီး စိတ်အနှောက်အယှက်ပေး တဲ့လူကြောင့် ဒေါသထွက်နေမိတယ်လို့ ဆိုပါတယ်။ ဖုန်းနဲ့ ဆက်သွယ်ပြီး အတူအိပ်ဖို့ ပြောလာတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“အလုပ်အတွက် အကောင့်မှာတင်ထားတဲ့ ဖုန်းနံပတ်ကို ဆက်ပြီးတော့ မေမဒီလားပေါ့။ ဒီည အစ်ကိုနဲ့လာအိပ်လို့ရမလားတဲ့၊ အစ်ကို ကောင်းကောင်းပြုစုပေးမှာပေါ့တဲ့။ သူ့အသံက အရမ်းကြီး မပီသဘူး၊ တိုင်းရင်းသားအသံပေါက်တယ်။ ကိုယ်လည်း အရမ်းဒေါသထွက်ပြီးတော့ ခပ်ရိုင်းရိုင်းပဲ ပြန်ပြောလိုက်တယ်။ နှမသားချင်းမစာနာတာပေါ့နော်။ ကိုယ့်ကို သွေးတိုးစမ်းချင်တာလား၊ အနှောက်အယှက်ပေးချင်တာလားတော့ မသိဘူး။ ဒီလိုမျိုး မလုပ်သင့်ပါဘူး” လို့ သူကပြောပါတယ်။ 

Photo: May Madi

မေမဒီက အခုလို ဖုန်းနဲ့ဆက်သွယ်ပြီး နှမချင်း မစာမနာပြောတာမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘူးလို့ ပြောပါတယ်။ သူမကို ဆက်သွယ်လာတဲ့ MPT ဖုန်းနံပတ်ရှင်ကိုလည်း ခြေရာခံတွေ့ပြီလို့ သိရပါတယ်။ တရားစွဲဆိုဖို့အထိ လုပ်သွားမှာ မဟုတ်သေးဘူးလို့ သူကဆိုပါတယ်။ 

“ ဒီလိုမျိုးလည်း တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ နင်က အနုပညာအလုပ်လုပ်တာ၊ ပြောချင်တိုင်းပြောမယ်၊ ဆိုချင်တိုင်း ဆိုမယ် ဆိုတာမျိုးက စေတနာနဲ့ပြောတဲ့စကားရှိတယ်၊ တမင်လိုက်ပြီးတော့ ထိုးနှက်တဲ့ စကားလည်းရှိတယ်။ အဲဒီလို လုပ်လို့ လက်မခံနိုင်ပါဘူး။ ဥပဒေနဲ့ နေတဲ့နိုင်ငံဖြစ်လို့ လုပ်ချင်တိုင်း လုပ်လို့ မရပါဘူး။ အဲဒီဖုန်းပိုင်ရှင်ရဲ့ နာမည်၊ မှတ်ပုံတင်နံပါတ်၊ သူ့ရဲ့ ဓာတ်ပုံက အစ ညီမတို့ရထား တယ်။ နောက်တစ်ခေါက်ပြန်ဆက်လိုက်တဲ့ အချိန်မှာ ဆက်ပိတ်သွားတယ်။ အရမ်းဒေါသထွက်သွားပါတယ်” လို့ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: May Madi

မေမဒီဟာ ဂီတကို ဝါသနာပါတဲ့အတွက် အောင်မြင်ဖို့ ကြိုးစားနေသူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေကလည်း မကြာခင် ထွက်ရှိလာတော့မှာဖြစ်လို့ စိတ်ကို အေးအေးချမ်းချမ်းလေးဖြစ်အောင် နေထိုင်တယ်လို့ သူကပြောပါတယ်။ 

“ အခုချိန်မှာ ညီမလည်း တစ်ကိုယ်တော်အခွေထွက်ဖို့ နီးလာပြီ။ အဲဒီအတွက် သီချင်းတွေ လုပ်နေရပါတယ်။ ဘာမဟုတ်တဲ့ အရာတွေအတွက် အချိန်ကုန် မခံတော့ဘူး။ ကိုယ်တွေက အရမ်းကြိုးစားနေရတဲ့အချိန်မှာ ဒါတွေကို ခေါင်းထဲ ထည့်ထားလို့ မရဘူးပေါ့နော်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က MMID Music Concert ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: May Madi

မေမဒီကိုတော့ ပရိသတ်တွေက Myanmar idol(Season-3) သီချင်းဆိုပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ကတည်းက စတင်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ စတုတ္ထမြောက် Result Show မှာ ပရိသတ်ကို နှုတ်ဆက်ထွက်ခွာခဲ့ရသူပါ။ ပြိုင်ပွဲပြီးသွားတဲ့နောက်မှာလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ သူမဟာ ဆိုဖီယာနဲ့ အတူတွဲပြီး ယာယီ ဆိုတဲ့ သီချင်းလေး ထွက်ရှိထားပါတယ်။ အဲဒီနောက် ပိုးမီ၊ ဂေဂေး၊ မင်းရတုပိုင်၊ ဖြူဖွေး တို့နဲ့ အတူတွဲပြီး "Friend" ဆိုတဲ့ တေးသီချင်းအခွေ ထွက်ရှိခဲ့ပါသေးတယ်။  




ဆက်စပ်အကြောင်းအရာများ


Author


က္က