Covid ကာလမှာ သူတို့က ပိုဒုက္ခရောက်တယ်။
Sabal Thwin

မျိုးမျိုးခိုင်ကတော့ Covid ကာလမှာ တိရစ္ဆာန်လေးတွေရဲ့ အစားအစာအလှူအအတွက် သူမနဲ့အတူ အနုပညာ မောင်နှမတွေကလည်း ပါဝင်လှူဒါန်းကြတဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Myo Myo Khine

သရုပ်ဆောင် မျိုးမျိုးခိုင်ဟာ COVID-19 ကာလမှာ တိရစ္ဆာန်လေးတွေရဲ့ စားဝတ်နေရေးအတွက် အလှူအတန်းလေးတွေ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူမနဲ့ အတူ အနုပညာရှင်တွေကလည်း ပါဝင် လှူဒါန်းပေးကြတယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

“ Covid ကာလမှာ မျောက်တွေရော၊ ခွေးတွေရော အစာကျွေးမယ့်လူက မရှိဘူး။ ပုပ္ပါးမှာဆိုရင် ဘုရားဖူးတွေကိုလည်း လက်မခံဘူး၊ ဈေးဆိုင်တွေကလည်း မဖွင့်ဘူး၊ မြို့ထဲတွေကိုလည်း အလာမခံဘူးဆိုတော့ မျောက်တွေ အကုန်လုံးက ငတ်တာ။ သူတို့ကို ကျွေးမယ့်လူ မရှိတော့ ကိုယ်ထီ(၅)သောင်းပေါက်တုန်းက အကုန်လှူခဲ့တယ်။ အခုဆိုရင် စမိုင်းလ်၊ စံရတီမိုးမြင့်၊ အေးမြတ်သူ၊ သင်ဇာဝင့်ကျော်၊ ကိုခန့်စည်သူတို့ကလည်း အမြဲတမ်း ဘေးကနေပြီးတော့ ကမကထ လုပ်ပြီး လှူပေးကြပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Myo Myo Khine

လမ်းဘေးခွေးတွေကိုလည်း မကြာခဏ အစာကျွေးဖြစ်တယ်လို့ မျိုးမျိုးခိုင်က ပြောပါတယ်။ Covid ကာလမှာ လူတွေထက် တိရစ္ဆာန်လေးတွေက စားသောက်ရတာ ပိုခက်ခဲတယ်လို့လည်း သူကဆိုပါတယ်။ 

“ ညဘက်တွေဆိုရင် ယောင်္ကျားနဲ့အတူ အိမ်မှာ ကြက်ခေါင်းတွေပြုတ်၊ အိတ်တွေနဲ့ ထည့်ပြီးတော့ လိုက်ကျွေးတယ်။ Mask တပ်၊ လက်အိတ်တွေ စွပ်ရတာပေါ့။ ပြီးရင် အမှိုက်တွေ ပြန်သိမ်းတယ်။ ထမင်း မကျွေးနိုင်တဲ့ အခါတွေဆိုရင် ကျောက်မြောင်းထဲက ကြက်ကင်တွေ ဝယ်ပြီး လိုက်ကျွေးတာပေါ့။ ခိုလေး တွေဆိုရင်လည်း ပဲတွေချကျွေးတယ်။ ကျီးကန်းတွေဆိုရင်လည်း ကြက်အူတွေ၊ ကလီစာတွေ ချကျွေး သူတို့ခဗျာ အားရပါးရ တိုးကြိတ်ပြီးစားရရှာတယ်။ ဘယ်လောက်တောင် ငတ်နေမလဲဆိုတာ တွေးပြီး စိတ်မကောင်းဖြစ်ရတယ်။ လူတွေက ရှာစားနိုင်တယ်၊ တိရစ္ဆာန်လေးတွေကိုက ပိုက်ဆံသွားပေးလည်း ဝယ်မစားနိုင်ဘူးလေ။ ဒါကြောင့် Covid ကာလမှာ တိရစ္ဆာန်လေးတွေ အတွက် အဓိက ထားပြီး အလှူတွေ လုပ်ဖြစ်တယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Myo Myo Khine

မျိုးမျိုးခိုင်ကိုတော့ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ပေးလာတဲ့ ဇာတ်ကောင်ကာရိုက်တာကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို နှစ်ပေါင်း(၃၀) ကျော်အထိ ပိုင်ဆိုင်ထားနိုင်တဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမရဲ့ သမီးလေး မြင့်မြတ်သော်တာကတော့ "ဆယ်လီ" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်းရိုက်ကူးထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က