စီးပွားရေးကိုလည်း နားလည်မယ်ဆိုရင် ပိုအဆင်ပြေတာပေါ့။

ရုပ်ရှင်သက်ကြီးပူဇော်ပွဲ၊ ရုပ်ရှင်အစည်းအရုံးက လုပ်တဲ့ ဘုံကထိန်ပွဲတွေမှာ ရုပ်ရှင်လောကသား တွေကို သိပ်မတွေ့ရတော့တဲ့အကြောင်း ခန့်စည်သူက ပြောလာပါပြီ။

ခန့်စည်သူကတော့ ရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေမှာ အနုပညာလောကသားတွေကို သိပ်မတွေ့ရတော့ဘူးလို့ ဆိုလာပါတယ်။ ဒီအရာတွေအပေါ် အစည်းအရုံးက ဘာတွေလုပ်ပေးနိုင်မ လဲဆိုတာကို လောကသားအားလုံးက သိချင်နေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ ရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ သက်ကြီး ပူဇော်ပွဲပေါ့။ ဒီသက်ကြီးပူဇော်ပွဲမှာ လည်း လောကသားတွေ သိပ်မတွေ့ရဘူး။ ဘုံကထိန်မှာလည်း မတွေ့ရတော့ဘူး။ ကြာလာရင် ရုပ်ရှင်အစည်းအရုံးက သရဲခြောက်မှာတောင် ကြောက်ရတယ်။ အားလုံးကလည်း အဆင်မပြေဖြစ်နေကြတဲ့အချိန်မှာ ရုပ်ရှင်အစည်းအရုံးက ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အဖြေကို အားလုံးက သိချင်နေကြတာ’’ လို့ ဆိုပါတယ်။

မကြာသေးခင်က ရာထူးကနေ နုတ်ထွက်သွားတဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းလက်ထက်မှာလည်း ရုပ်ရှင်လောကအတွက် ကောင်းတာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ခန့်စည်သူက ပြောပါတယ်။

‘’ ဦးဇင်ဝိုင်းကတော့ သူ လုပ်သင့် လုပ်ထိုက်တာတွေကို အကောင်းဆုံး လုပ်သွားတယ်။ ရုပ်ရှင်ဥပဒေ ပေါ်လာအောင် သူကြိုးစားခဲ့တယ်။ ရုံတင်ပြသရေးစနစ်ပေါ့နော်။ အကောင်းဆုံးမဟုတ်ရင်တောင်မှ အတော်အသင့် သူ ကြိုးစားပေးခဲ့တယ်။ သူ့ရဲ့ ကြိုးစားမှုကိုလည်း အသိအမှတ်ပြုရမှာပါ။ ဦးညီညီထွန်းလွင်ရဲ့ စိတ်ဓာတ်ကလည်း ရိုးသားတဲ့အတွက်ကြောင့် ဘာမှ ကန့်ကွက်စရာတော့ မရှိဘူး။’’ ဆိုပြီးတော့ နိုဝင်ဘာလ ၉ ရက်နေ့က ‘’ကျော်ကြားနဲ့ အမွှေစိန် ဝိညာဉ်’’ ရုပ်ရှင်ကားကြီး အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

နောက်တက်လာမယ့် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ကလည်း ရုပ်ရှင်လောကသားတွေအတွက် လိုအပ်တာကို ဖြည့်ဆည်းပေးနိုင်မယ့် ဥက္ကဌမျိုးဖြစ်စေချင်တယ်လို့ ခန့်စည်သူက ပြောပါတယ်။

‘’ အခု ကျဆင်းနေတဲ့ ဇာတ်ကားတွေ Block ဖြစ်နေတယ်။ ရုံတင်ခွင့်မရတဲ့ ကိစ္စတွေရယ်၊ ဗီဒီယို ဆိုတာ လုံးဝ ပျောက်ပျက်သွားတာပေါ့နော်။ ကိုယ့်လောကသားတွေအားလုံး စားဝတ်နေရေးလည်း အဆင်ပြေမယ်။ လုပ်ငန်းလည်း အဆင်ပြေမယ်၊ အဲဒါမျိုးကို ဖန်တီးပေးနိုင်မယ့် စီးပွားရေးကိုလည်းနားလည်၊ အနုပညာကို ချစ်မြတ်နိုးတဲ့ လူတစ်ယောက်ပေါ်လာမယ်ဆိုရင်တော့ အားလုံးက လက်ခံရမှာပဲလေ’’

ခန့်စည်သူဟာ သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ‘’မေတ္တာသိင်္ဂဟ’’ အသင်းကြီးကို ဦးဆောင်ပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတာ တွေ့ရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က