သူမရဲ့ မွေးနေ့ အလှူဖြစ်ပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ မွေးနေ့ အလှူလေးကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းခဲ့ရလို့ ပီတိဖြစ်နေတဲ့အကြောင်း ပြောပြလာပါတယ်။ 

နန်းမြတ်ဖြိုးသင်းကတော့ ဇွန်လ(၂) ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေအတွက် အိမ်တိုင်ရာရောက် ကျန်းမာရေး ထောက်ပံ့ငွေ လှူဒါန်းခဲ့တယ်လို့ Duwun ကနေ ပြောလာပါတယ်။ 



“ ဒီနေ့ အနုပညာလောကထဲက (၁၀) ဦးကို တတ်နိုင်သလောက် တစ်ယောက် (၁)သိန်းနှုန်းနဲ့လှူဒါန်းခဲ့ပါတယ်။ မနက် (၉) နာရီကတည်းက အိမ်ကနေ စထွက်လာတာ။ အခုက Covid ကာလဆိုတော့ လူနည်းနည်းပဲ နေရမယ့် အခြေအနေမျိုးမှာ လူတွေ စုပြီးမခေါ်တော့ပဲနဲ့ အလှူခံ ပုဂ္ဂိုလ်တွေကလည်း လာရမယ့် လမ်းစာရိတ်တွေ ကုန်တာနဲ့ ၊ တချို့ သက်ကြီး ပုဂ္ဂိုလ်တွေကျတော့ ကိုယ်တိုင်မလာနိုင်တာ၊ တစ်ယောက်တည်း မလာနိုင်တာနဲ့ဆိုတော့ ပိုကုန်တယ်ပေါ့နော်။ ဒါကြောင့် နန်းမြတ်ကိုယ်တိုင် အလှူခံ ပုဂ္ဂိုလ်တွေဆီကို သွားပြီးတော့ လှူဖြစ်တာပါ” လို့ သူကဆိုပါတယ်။ 

နန်းမြတ်ဖြိုးသင်းဟာ Covid ကာလမှာ မဖြစ်မနေ လုပ်ရတဲ့ မွေးနေ့ အလှူလေးအတွက် သူ့ရင်ထဲက ပီတိစကားကိုလည်း အခုလို ပြောပြလာပါတယ်။ 

“ ဒီနှစ်မွေးနေ့ကတော့ အကျဉ်းချုံ့လေးနဲ့ အဓိပ္ပာယ်ရှိတဲ့ အလှူလေး လုပ်ဖြစ်တယ်။ ပြီးတော့ ကိုယ့်အနုပညာလောကအတွက် အတတ်နိုင်ဆုံး ပြန်ကူညီဖြစ်တာပေါ့။ ပီတိလည်းဖြစ်တယ်၊ အသက်ကြီးတဲ့သူတွေဆိုရင် သူတို့ပျော်ရင် နန်းမြတ်လည်း ပီတိဖြစ်ရတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ မကောင်းဖြစ်မိတာပေါ့။ ဒီနှစ် မွေးနေ့လေးကတော့ အမှတ်တရပါပဲ” လို့ ဆိုပါတယ်။ 

သူမဟာ Stay Home ကာလမှာ ကလေးပစ္စည်းတွေ လိုအပ်နေတဲ့ မိခင်တွေအတွက် မေလ(၁၅) ရက်နေ့တုန်းက သားလေး Jack Jack ရဲ့ ကလေးအသုံးအဆောင် ပစ္စည်းအသစ်လေးတွေကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ Live လွှင့်ရင်း ကံစမ်းမဲ ဖောက်ပေးခဲ့တာ တွေ့ရပါတယ်။ ဒါဟာ သားလေး ရလာပြီးတဲ့နောက် တခြားကလေးတွေကိုလည်း ချစ်တတ်လာတာကြောင့်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

နန်းမြတ်ဖြိုးသင်းကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် " ဖေ့စ်ဘွတ်ဘုရင်မ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် TV ကြော်ငြာတွေလည်း များစွာရိုက်ကူးခဲ့ရသူဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ ဂီတကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် သူငယ်ချင်းဖြစ်တဲ့ နန်းသူဇာနဲ့ အတူ "Friend" ဆိုတဲ့ အခွေ တစ်ခွေ ထွက်ရှိထားတာလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က