COVID-19 ကာလမှာ တတ်နိုင်သလောက် အလှူလေးတွေ လုပ်ဖြစ်နေပါတယ်။

ရွှေသမီးကတော့ COVID-19 ကာလမှာ ရုပ်ရှင်အစည်းအရုံးကနေတဆင့် အနုပညာလောကသားတွေအတွက် စားနပ်ရိက္ခာလေးတွေ လှူဒါန်းသွားချင်တဲ့အကြောင်းပြောလာပါတယ်။ 

Photo: Shwe Thamee



သရုပ်ဆောင် ရွှေသမီးကတော့ COVID-19 ကာလမှာ သူမ တတ်နိုင်သလောက် ကုသိုလ် အလှူလေးတွေ ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။ စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရတဲ့ အနုပညာ လောကသားတွေအတွက်လည်း လှူဒါန်းသွားဖို့ ဆန္ဒရှိတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အဓိက ကတော့ ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်လေးတွေ လှူချင်တယ်။ လှူလည်း လှူဖြစ်ဦးမှာပါ။ လှူခဲ့ရင်လည်း ရုပ်ရှင်အစည်းအရုံးကို သွားပြီးတော့ လှူဖြစ်မှာပါ။ ဒီအချိန်မှာ ကိုယ်တိုင် သွားလှူဖို့ကျတော့လည်း အဆင်မပြေဘူးပေါ့နော်။ တကယ် လှူရင်လည်း အိမ် တစ်အိမ်စီကို လိုက်ပေးမှာ အဆင်ပြေမှာလေဆိုတော့ အစည်းအရုံးက စီစဉ်ထားတဲ့အတိုင်း မနက်ခင်းဆို ဘယ်နှယောက်ကနေ ဘယ်နှယောက် ဆိုပြီးတော့ လှူတာ ပိုအဆင်ပြေတယ်။ ဒါကြောင့် အခြေခံစားသောက်ကုန်လေးတွေ လှူချင်တဲ့ ဆန္ဒတော့ ရှိတယ်” လို့ ဆိုပါတယ်။ 

Photo: Bling Bling

လက်ရှိမှာတော့ ရွှေသမီးဟာ ဇာတ်ကားရိုက်ကူးရေးတွေ နားထားတယ်လို့ ဆိုပါတယ်။ စီးပွားရေး ကြပ်တည်းမှုတွေ ရှိလာတဲ့ အပေါ် သူမရဲ့ သဘောထားကိုလည်း အခုလို ပြောပြထားပါသေးတယ်။ သူမဟာ ဇွန်လ (၂) ရက်နေ့တုန်းကလည်း စည်ပင်ဝန်ထမ်းတွေအတွက်စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပါတယ်။ 

“ အခုချိန်မှာ ညီမတို့ အနုပညာလောက တစ်ခုတည်းတင်မက ဒီ COVID-19 ရောဂါဝေဒနာကို ခံစားနေရတဲ့ နိုင်ငံတိုင်းမှာလည်း စားဝတ်နေရေး အခက်အခဲကတော့ ကြုံနေရတာပါပဲ။ စီးပွားရေး၊ လူမှုရေးတွေလည်း အကုန် ရပ်ကြတာပေါ့။ အလုပ်တွေ နားရတဲ့ အတွက်တော့ စိတ်က သိပ်မပျော်ဘူး။ အခု အိမ်မှာနေရတဲ့ အချိန်တွေမှာ ရုပ်ရှင်တွေ ကြည့်တယ်၊ သီချင်းတွေ နားထောင်ဖြစ်တယ် ။ ကိုယ်က အရင်ကတည်းက အိမ်မှာပဲ နေတတ်တဲ့သူဆိုတော့ အခုချိန်မှာ ထွေထွေထူးထူး ခံစားရတာမျိုးတော့ မရှိဘူး" လို့ သူက ဆိုပါတယ်။ 

Photo: Shwe Thame

COVID-19 ကာလဖြစ်တာကြောင့် အိမ်ကိုလည်း ဧည့်သည်တွေ အလာမခံသေးဘူးလို့ ရွှေသမီးက ဆိုပါတယ်။ မိဘတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ရတဲ့ သဘောပါလို့လည်း သူက ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ လူကြီးတွေကို ပိုဂရုစိုက်ဖြစ်တယ်။ ပြီးတော့ အိမ်ကို ဧည့်သည်လည်း အလာမခံဘူး။ မဖြစ်မနေ လာရမယ်ဆိုရင်တောင် လူ နည်းနည်းပဲ လက်ခံဖြစ်ပါတယ်။ ဒီရောဂါက လူကြီးတွေသာမက လူငယ်တွေလည်း ဖြစ်ကြပါတယ်။ အခုချိန်မှာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့အချက်တွေကိုလည်း လိုက်နာတယ်။ အပြင်တွေ ဘာတွေ သွားရင်လည်း ညီမတို့ပဲ သွားတယ်။ လူကြီးတွေကို မလွှတ်ဘူး” လို့ သူက ဆိုပါတယ်။  

Photo: Shwe Thamee

ရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ သရုပ်ဆောင်ဖြစ်လို့နေပါပြီ။ ကာရိုက်တာတိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့အတွက် ပရိသတ်တွေကလည်း ပိုပြီးတော့ ချစ်ခင်အားပေးလာကြတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က